Shiba Inu coin ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက စံချိန်သစ်တင်ခဲ့ပါတယ်။ တဟုန်ထိုးမြင့်တက်လာမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် 60,000,000% ကျော် မြင့်တက်လာခဲ့တယ်လို့ CNN Business က ဖော်ပြထားပါတယ်။

CoinGecko ရဲ့အဆိုအရ Dogecoin ရဲ့ လှုံ့ဆော်မှုနဲ့ဖြစ်ပေါ်လာတဲ့ meme cryptocurrency ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၃၀% နီးပါး မြင့်တက်လာတယ်လို့ သိရပါတယ်။ အခုလိုမျိုး စံချိန်တင်မြင့်တက်မှုဖြစ်ပေါ်ခဲ့ပေမဲ့ Shiba Inu ဟာ Market capitalization မှာ အကြီးမားဆုံး Digital currency အဆင့် ၁၁ နေရာပဲ ရှိနေပါသေးတယ်။

ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ ဒီတိုကင်ဟာ လွန်ခဲ့တဲ့ ၇ ရက်အတွင်း အကြမ်းဖျင်းအားဖြင့် ၁၀၀% မြင့်တက်လာခဲ့ပြီး အခုအချိန်မှာတော့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၂၆ ဘီလီယံ အထိ ရှိလာပြီဖြစ်ပါတယ်။ Shiba Inu coin ဟာ Dogecoin လိုပဲ Shiba Inu ခွေးကို သူ့ရဲ့ Mascot အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့တစ်ရှိန်ထိုးတက်လာတဲ့တန်ဖိုးကြောင့် အချို့ကတော့ နေ့ချင်းညချင်းကို သန်းကြွယ်သူဌေးဖြစ်သွားကြပါပြီ။

Shiba Inu coin ရဲ့ တန်ဖိုးဟာ ဒီရက်သတ္တပတ်ထဲမှာ တရိပ်ရိပ်နဲ့မြင့်တက်လာခဲ့ပေမဲ့ Dogecoin ရဲ့ အမာခံပရိသတ်ဖြစ်တဲ့ Tesla CEO Elon Musk က သူဟာ Shiba Inu ကို ပိုင်ဆိုင်ထားခြင်းမရှိကြောင်း Twitter မှာရေးသားဖော်ပြခဲ့တာကြောင့် အနည်းငယ်ပြန်လည်ကျဆင်းခြင်း ဖြစ်ပေါ်ခဲ့ရပါသေးတယ်။

နောက်ဆက်တွဲ Tweet မှာလည်း သူဟာ “Bitcoin, Ethereum နဲ့ Doge တို့ကိုပဲ ဝယ်ယူထားတယ်” လို့ ရေးသားထားခဲ့ပါတယ်။ Musk ဟာ Cryptocurrencies ကို အကြီးအကျယ်ထောက်ခံအားပေးသူဖြစ်သလို သူ့ရဲ့ Tweets တွေဟာလည်း Crypto ဈေးကွက်ကို လှုပ်ခတ်ပြောင်းလဲစေတဲ့ သက်ရောက်မှုတွေသယ်ဆောင်လာလေ့ရှိပါတယ်။

လက်ရှိအချိန်ဟာ Virtual currencies တွေဖူးပွင့်လို့ကောင်းတဲ့အချိန်လို့ဆိုနိုင်ပါတယ်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး Cryptocurrency ဖြစ်တဲ့ Bitcoin ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က Coin တစ်ခုကို $67,000 နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။ စက်တင်ဘာလကုန်မှာ $44,000 အောက်သာရှိတဲ့ Bitcoin ဈေးနှုန်းဟာ ဒီလထဲမှာ ၅၀% လောက်မြင့်တက်လာပြီး လက်ရှိအချိန်မှာတော့ $60,000 နီးပါးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။

Ref: CNN Business