ကမ္ဘာ့ကပ်ရောဂါ ပျံ့ပွားမှုဖြစ်ပွားပြီးနောက်ပိုင်း စမတ်ဖုန်းဈေးကွက်ဟာ ပြန်လည်ကောင်းမွန်လာဖို့ အချိန်ယူနေရဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဈေးကွက်အတော်များများမှာ ပုံမှန်အောက်ရောက်နေတဲ့ ရောင်းဝယ်ဖောက်ကားမှုပဲ ရှိနေသေးတာဖြစ်ပြီး ကပ်ရောဂါကာလမတိုင်မီအချိန်ကို ပြန်ရောက်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

Qualcomm ရဲ့ Senior VP ရဲ့ ပြောကြားချက်အရ အီလက်ထရွန်းနစ် ဈေးကွက်အများစု တိုးတက်မှုနှေးကွေးရခြင်းမှာ အဓိကအားဖြင့် ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ကြောင်း သိရပါတယ်။ သူ့ရဲ့အဆိုအရ စမတ်ဖုန်းအပါအဝင် အီလက်ထရွန်းနစ်ဈေးကွက်ဟာ လာမဲ့ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်အထိ ပြန်လည်နာလန်ထူလာနိုင်မှာ မဟုတ်ဘူးဖြစ်ပါတယ်။

ဒါ့အပြင် Qualcomm အနေနဲ့ အင်တာနက်ကုမ္ပဏီအဖြစ် ပြောင်းလဲပစ်ဖို့လိုအပ်နေတယ်လို့လည်း သူကပြောခဲ့ပါသေးတယ်။ ကုမ္ပဏီအနေဲ့ အခြားစွမ်းရည်တွေကိုလည်း မြှင့်တင်ဖို့လိုအပ်ကြောင်း၊ PC တွေ၊ Virtual reality နဲ့ Autonomous driving အပါအဝင် နယ်ပယ်တွေမှာ သူ့ရဲ့တည်ရှိမှုကို ချဲ့ထွင်ဖို့ လိုအပ်တယ်လို့လည်း ဆိုထားပါသေးတယ်။ အဆိုပါနယ်ပယ်တွေကို သူတို့ရဲ့အာရုံစိုက်မှုအတွက် ဦးစားပေးထားရှိဖို့ အကြံပေးခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာ ကုမ္ပဏီဟာ Snapdragon chip တွေရောင်းချမှုကနေ ဝင်ငွေအများဆုံး ရရှိနေတာ ဖြစ်ပါတယ်။ ဒီအထဲမှာ OEMs အများအပြားဆီကို ရောင်းချတဲ့ Mobile SoC နဲ့ Snapdragon modems တွေလည်း ပါဝင်ပါတယ်။ အကယ်၍ ဒီအပိုင်းတွေကျဆင်းလာမယ်ဆိုရင် ကုမ္ပဏီလည်း ဒုက္ခများလာမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Qualcomm Snapdragon 8 Gen 2 ကတော့ လာမဲ့နှစ်မှာ ဈေးကွက်ကိုမောင်းနှင်မှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းမှာ Qualcomm ဟာ သူ့ရဲ့ နှစ်ပတ်လည်ကွန်ဖရင့်ကို ကျင်းပခဲ့ပြီး အဆင့်မြှင့်တင်မှုများစွာနဲ့ Snapdragon 8 Gen 2 ကို ပြသခဲ့ပါတယ်။ အဆိုပါ Chip ဟာ 3nm မဟုတ်ပေမဲ့ အဆင့်မြှင့်တင်ထားတဲ့ 4nm architecture ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ မိုလ်ဘိုင်းကိရိယာတွေပေါ်မှာ အတွေ့အကြုံအတွက် စံအသစ်တစ်ခုဖြစ်လာမယ်လို့ အခိုင်အမာဆိုထားပါတယ်။

CPU အသစ်ဟာ Ray-tracing ကို ပံ့ပိုးပေးပြီး Wi-Fi 7 အတွက် အထောက်အပံ့ပေးပါတယ်။ SD 8 Gen 2 ပါတဲ့ ပထမဆုံးဖုန်းတွေဟာ ဒီဇင်ဘာလမှာ ထွက်ပေါ်လာမှာဖြစ်ပြီး Galaxy S20 series နဲ့အတူ SD 8 Gen 2 ရဲ့ သီးသန့်ဗားရှင်းလည်း ရှိနေသေးတာ ဖြစ်ပါတယ်။ ဒီသီးသန့်ဗားရှင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် ကုမ္ပဏီဟာ ARM-based PC ပိုင်းအတွက်မြှင့်တင်မှုတွေကိုလည်း ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Ref: Gizchina