Air Taxi တွေ ခေတ်စားလာဖို့ရှိနေပေမယ့် ဆင်းသက်စရာနေရာ အလုံအလောက်မရှိရင်တော့ အောင်မြင်ဖို့ ခက်ခဲပါလိမ့်မယ်။ အရင်က ရဟတ်ယာဉ်ခရီးစဉ်တွေ ရေရှည်မရပ်တည်နိုင်ခဲ့တာကလည်း အဆောက်အအုံခေါင်မိုးတွေနဲ့ ဆိပ်ကမ်းဟောင်းတွေလိုမျိုး ဆင်းသက်စရာနေရာ ရှားပါးမှုကြောင့် ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် AutoFlight Aviation Technology က ရေရှိတဲ့နေရာတိုင်းကို ရွှေ့ပြောင်းသွားလာနိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး ရေပေါ်ဆိပ်ကမ်း သို့မဟုတ် ရေပေါ်လေယာဉ်ကွင်း (Vertiport) တစ်မျိုးကို ဖန်တီးလိုက်ပါတယ်။
“Integrated Sea–Air Low-Altitude Economy Solution” လို့ခေါ်တဲ့ အဲဒီ ရေပေါ်ဆိပ်ကမ်းမှာ ဆိုလာပြားတွေ တပ်ဆင်ထားတဲ့ ဆင်းသက်ကွင်းနဲ့ ခရီးသည်နားနေဆောင်တွေ ပါဝင်ပါတယ်။ အဲဒီနေရာဟာ AutoFlight Aviation Technology ထုတ် လူ ၆ ဦးစီး “Prosperity I eVTOL” အပြင် ကုန်တင်ယာဉ်တွေဖြစ်တဲ့ “White Shark” နဲ့ “CarryAll” တို့ပါ ဆင်းသက်နိုင်လောက်အောင် ကျယ်ဝန်းပါတယ်။
ဒီ ရေပေါ်ဆိပ်ကမ်းတွေက ရွှေ့ပြောင်းရလွယ်ကူတာကြောင့် မြို့ပြခရီးသွားလာရေးတင်မကဘဲ ကမ်းလွန်လုပ်ငန်းခွင် ပြုပြင်ထိန်းသိမ်းရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေမှာပါ အသုံးပြုနိုင်ပါတယ်။ ခရီးသည် ဒါမှမဟုတ် ကုန်စည်ပို့ဆောင်မှု လိုအပ်ချက်များလာတဲ့အခါမှာလည်း ဆိပ်ကမ်းတွေကို စုပြီး အလွယ်တကူ တိုးချဲ့ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။
AutoFlight Aviation Technology ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်က Shanghai မြို့ရှိ Dianshan Lake မှာ ဒီနည်းပညာကို လက်တွေ့စမ်းသပ်ပြသခဲ့ပါတယ်။ ဒီနည်းပညာသစ်ကြောင့် အနာဂတ် လေကြောင်းအငှားယာဉ်လောကအတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။
Ref : Newatlas
