Samsung ဟာ သူတို့ရဲ့ Galaxy Z Fold2 ထုတ်လုပ်မှုကို ကမ္ဘာအနှံ့မှာ ဖြန့်ကျက်ထုတ်လုပ်သွားမယ်လို့ Elec က ရေးသားဖော်ပြခဲ့ပါတယ်။ ယူနစ်အများစုကို တောင်ကိုရီးယားနိုင်ငံ Gumi မှာရှိတဲ့စက်ရုံမှာပဲ ထုတ်လုပ်မှာဖြစ်ပေမယ့် ၂၀% ကိုတော့ ဗီယက်နမ်မှာရှိတဲ့ Samsung စက်ရုံမှာ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါတင်မကသေးပါဘူး၊ ဘရာဇီးမှာလည်း Galaxy Z Fold2 အနည်းငယ်ကို ထုတ်လုပ်သွားဦးမယ်လို့ ဆိုပါတယ်။ ကနဦးတုန်းကတော့ Samsung ဟာ Galaxy Z Fold2 ကို အလုံးရေ ၇ သိန်းကနေ ၈ သိန်းကြား ထုတ်လုပ်သွားဖို့ စီစဉ်ထားပေမယ့် ရက်သတ္တပတ်အလိုက် အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာကိုလည်း တွေ့ရပါတယ်။ ဈေးကွက်ထဲမှာ Galaxy Z Fold2 ရဲ့ အခြေအနေ ဘယ်လိုရှိသလဲဆိုတဲ့အပေါ်မှာ မူတည်နေတာလည်း ဖြစ်ပါတယ်။

ရာခိုင်နှုန်းပေါ်မူတည်ပြီး ခန့်မှန်းတွက်ချက်ရမယ်ဆိုရင်တော့ ဗီယက်နမ်က စက်ရုံမှာ Galaxy Z Fold2 အလုံးရေ ၁ သိန်း ၄ သောင်းကနေ ၂ သိန်းကြား ထုတ်လုပ်နိုင်တယ်လို့ ဆိုရမှာပါ။ ဘရာဇီးနိုင်ငံတွင်းထုတ်လုပ်မှုကလည်း စက်တင်ဘာလထဲမှာပဲ စတင်လာဖွယ်ရှိပေမယ့် အရေအတွက်ကတော့ ထောင်ဂဏန်းလောက်ပဲ ဖြစ်နိုင်ပါတယ်။ ဘရာဇီးမှာ ထုတ်ရတဲ့ရည်ရွယ်ချက်ဟာ (ပြည်ပနိုင်ငံမှာထုတ်တဲ့ဖုန်းတွေအတွက် သွင်းကုန်ခွန်မြင့်မားတာကြောင့်) ပြည်တွင်းဈေးကွက်အတွက်ပဲ ရည်ရွယ်ထုတ်လုပ်တာလား၊ ဒါမှမဟုတ် နီးစပ်ရာဈေးကွက်တွေအတွက်လည်း ရည်ရွယ်ထုတ်လုပ်တာလားဆိုတာတော့ မသိရပါဘူး။

Samsung Galax Z Fold2 ကို Black နဲ့ Mystic Bronze အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဗီယက်နမ်စက်ရုံမှာတော့ Thom Browne Edition ကို ထုတ်လုပ်မယ်လို့ မျှော်လင့်ရပေမယ့် ဘယ်အချိန် ဖြစ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: GSM Arena