Sony ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းအသစ်တွေကို ယခင်တုန်းကလိုမျိုး အမြောက်အများထုတ်လုပ်ခြင်းမရှိတော့ပေမယ့် Flagship Xperia 1 Series နဲ့ Xperia 5 Series တွေအပြင် Mid Range ဖုန်းအချို့ကိုတော့ ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။​ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာလည်း Sony ကနေ Event တစ်ခုကို ပြုလုပ်ဖို့ရှိနေပြီး ဘာတွေမိတ်ဆက်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။​

ဒါပေမယ့် Sony ရဲ့ China Branch ကနေ ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပြီး ဒါကတေ့ာ တရုတ်နိုင်ငံစျေးကွက်အတွက် Sony ဟာ Meizu နဲ့ ပူးပေါင်းလိုက်ပြီဖြစ်ပါတယ်။​ ဒီလိုမျိုး ပူးပေါင်းမှုဟာ Sony ကို တရုတ်နိုင်ငံစျေးကွက်အတွက် ပိုပြီးသင့်တော်တဲ့ App တွေနဲ့ Feature တွေကို Meizu ရဲ့ Flyme UI ဆီကနေ ရယူအသုံးပြုနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

Meizu ဟာ International စျေးကွက်မှာတော့ အောင်မြင်ခြင်းမရှိသေးပေမယ့် တရုတ်နိုင်ငံစျေးကွက်မှာ အသုံးပြုသူ သန်း ၁၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။​ အရင်ဆုံးအနေနဲ့ တရုတ်နိုင်ငံမှာ ရောင်းချသွားမယ့် Sony Xperia 1 III ဖုန်းမှာ Meziu App တွေကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ အစောပိုင်း Xperia 1 III ဖုန်းကို အသုံးပြုနေတယ်ဆိုရင်လည်း Meizu App တွေကို Download ပြုလုပ်နိုင်ဖို့အတွက် Firmware Update ကိုလည်း ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် အခုလိုမျိုး Flyme UI ရဲ့ App တွေကိုပဲ ထည့်သွင်းပေးထားမှာလား၊​ Meizu ရဲ့ ကိုယ်ပိုင် App Store ကိုပါ Sony ဖုန်းတွေမှာ အသုံးပြုနိုင်မလားဆိုတာကိုတော့ လက်ရှိအချိန်အထိ သိရှိရခြင်းမရှိသေးပါဘူး။​ Sony နဲ့ Meizu ရဲ့ ပြောကြားချက်အရတော့ နောက်ပိုင်းမှာ Sony စမတ်ဖုန်းတွေမှာ Meizu Apps တွေတင်မဟုတ်ဘဲ​ Flyme UI က Feature တွေကိုပါ ထည့်သွင်းပေးသွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။​

Ref – GSM Arena