၂၀၂၀ အတွင်းမှာ Sony ရဲ့ မျိုးဆက်သစ်ကွန်ဆိုးဂိမ်းစက်ကို ဦးဦးဖျားဖျားကစားချင်သူတွေအတွက်တော့ သတင်းဆိုးတစ်ခုပါပဲ။ Sony ကုမ္ပဏီဟာ အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့ PS5 ကို မိတ်ဆက်ပြီးတာနဲ့ စက်အလုံးရေကို အကန့်အသတ်ဖြင့်သာရောင်းချနိုင်မယ်လို့ သတင်းထွက်လာပါတယ်။

လာမယ့် ၂၀၂၁ ခုနှစ် မတ်လကုန်မှာပြီးဆုံးမယ့် ဘဏ္ဍာရေးနှစ်တစ်နှစ်ကာလအတွင်းမှာ Sony ဟာ စုစုပေါင်း PS5 စက်အလုံးရေ ငါးသန်းမှ ခြောက်သန်းကြားသာ ဈေးကွက်ထဲကို ပို့နိုင်မယ့်အခြေအနေဖြစ်နေပြီး PS4 ဂိမ်းစက်တုန်းက ပထမခြောက်လအတွင်းမှာတင် စုစုပေါင်း ၇.၄ သန်းကျော် ရောင်းချခဲ့ရတာကြောင့် လူတိုင်းက ဂိမ်းစက်သစ်ကို ထွက်ထွက်ချင်းမရနိုင်မယ့် ပုံစံပါပဲ။

Sony က ဂိမ်းစက်သစ်မှာပါဝင်မယ့် Hardware နဲ့ Feature တွေကိုတော့ Xbox Series X နဲ့အပြိုင် ထုတ်ဖော်ပြောကြားခဲ့ပြီးသားဖြစ်ကာ လက်ရှိကွန်ပြူတာတွေမှာသုံးစွဲနေတဲ့ SSD ထက် ပိုမိုလျှင်မြန်တဲ့ Custom SSD Storage စနစ်နဲ့ 10.3 TFLOPS ထိရရှိနိုင်မယ့် RDNA2 GPU ဂရပ်ဖစ်ယူနစ်တို့ ပါဝင်မှာဖြစ်ပါတယ်။

ဒီနည်းပညာတွေဟာ ဈေးနှုန်းမြင့်မားပေမယ့် ကွန်ဆိုးဂိမ်းစက်တွေကတော့ Gaming PC တွေရဲ့ ဈေးနဲ့ ရောင်းချမှာ မဟုတ်နိုင်ပါဘူး။ ဂိမ်းထုတ်လုပ်သူတွေက PS5 ရဲ့ဈေးနှုန်းဟာ ထွက်ရှိချိန်မှာ ဒေါ်လာ ၄၉၉ ကနေ ၅၄၉ (မြန်မာငွေ ၇ သိန်းမှ ၈ သိန်း) ကြား ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိအချိန်မှာ PS4 နဲ့ PS4 Pro ဂိမ်းစက်တွေရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၃၀၀ – ၄၀၀ ခန့်သာရှိတော့ပေမယ့် PS5 ထွက်ရှိလာပြီးရင် နောက်ထပ်ဈေးနှုန်းလျော့ချနိုင်ခြေရှိတယ်လို့လည်း သိရပါတယ်။ ဂိမ်းစက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် ဂိမ်းစက်သစ်တွေကို အရှုံးခံပြီးရောင်းချတာဟာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမယ့် PS5 ကို ဒေါ်လာငါးရာအောက်နဲ့ ရောင်းချရင်တော့ Sony အတွက် အတော်လေးထိခိုက်နိုင်ပါတယ်။

အခုလိုနှောင့်နှေးရတာဟာ ကိုဗစ်ရောဂါပြန့်ပွားမှုကြောင့် အဓိကမဟုတ်ဘဲ Xbox Series X ဂိမ်းစက်သစ်နဲ့ ယှဉ်ပြိုင်ဖို့ PS5 ကို ပြန်လည်ပြင်ဆင်ရတာကြောင့်ဖြစ်တယ်လို့ အတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

Ref – GSM Arena