Sony Xperia 1 II နဲ့ 5 II တို့ကို တရားဝင် ကြေညာပြီးနောက်မှာ Xperia 1 III ရဲ့ သတင်းတွေ စတင်ထွက်ပေါ်လာပါပြီ။ ၂၀၂၁ ခုနှစ် အစောပိုင်းမှာ Xperia 1 III ကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ ကြေညာဖို့ လအနည်းငယ်လောက် အလိုမှာပဲ Sony နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ကောင်လုပ်ရာမှာ နာမည်ကြီးတဲ့ ဂျပန် မီဒီယာ ၁ ခုက အဲဒီ စမတ်ဖုန်းရဲ့ သတင်းတချို့ကို မျှဝေလိုက်ပါတယ်။

Sony Xperia 1 III ဟာ အရင်မျိုးဆက် Xperia 1 II ထက် မျက်နှာပြင် ပိုကောင်းလာမှာ ဖြစ်ပြီး ၁၅ ရာခိုင်နှုန်း  ပိုတောက်ပလာမှာ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာမှာလည်း Aperture ပိုကျယ်လာတဲ့အတွက် စွမ်းဆောင်ရည် အဖက်ဖက်က ပိုတိုးတက်လာမှာ ဖြစ်ပြီး ဆန်ဆာ အရွယ်အစားနဲ့ Resolution ကတော့ တူညီမယ်လို့ အဲဒီ ဂျပန် မီဒီယာက ပြောပါတယ်။ လက်ရှိမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ဒီလောက်ပဲ ပေါက်ကြားထွက်ပေါ်လာပါသေးတယ်။

Sony Xperia 1 III ရဲ့ မျက်နှာပြင်ဟာ တောက်ပမှု သာမကဘဲ တခြား စွမ်းရည်တွေလည်း တိုးတက်လာမယ်လို့ ထင်ရပါတယ်။ 4K မျက်နှာပြင်တောင် ပါလာမလား မသိပါဘူး။ Sony Xperia 1 III ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး  အလန်းစား Chipset ထည့်သွင်းထားမှာ သေချာပါတယ်။ နောက်နှစ် ဖေဖော်ဝါရီလမှာ ကြေညာနိုင်ပြီး 5G ဆက်သွယ်မှု ပါလာနိုင်ပါတယ်။ Sony ရဲ့ ထုံးစံအတိုင်း 21:9 Aspect Ratio မျက်နှာပြင် အရှည် ဒီဇိုင်းကို သုံးထားနိုင်ပါတယ်။

အဲဒီစမတ်ဖုန်းကို ကြေညာဖို့ လအနည်းငယ်လောက်  လိုသေးတဲ့အတွက် ဒီကြားထဲမှာ သတင်းအချက်အလက်တွေ ပို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena