စမတ်ဖုန်းစျေးကွက်ထဲမှာ Sony ဟာ လူသိများတဲ့ အမှတ်တံဆိပ် တစ်ခု မဟုတ်တော့ပေမယ့် ဂျပန်အခြေစိုက် ကုမ္ပဏီဟာ နှစ်စဉ် စမတ်ဖုန်းသစ် အချို့ကို သတ်မှတ်အရေအတွက်နဲ့ ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ အခုနှစ် အစောပိုင်းမှာ Xperia 1 II ကို Flagship ဟန်းဆက် အနေနဲ့ ထုတ်လာခဲ့ပြီး အခုတစ်ခါ Xperia 5 II စမတ်ဖုန်းရဲ့ Render တွေ ထွက်ပေါ်လာပြန်ပါပြီ။

ပြီးခဲ့တဲ့နှစ်က Sony ဟာ Xperia 5 ကို IFA 2019 ပွဲတော်မှာ မိတ်ဆက်ခဲ့ပြီး အခုနှစ် IFA မှာ သူ့ရဲ့ မျိုးဆက်သစ်ကို ထုတ်ဖော်လာဖို့ မျှော်လင့်ခဲ့ကြတာပါ။ ယနေ့ထွက်ပေါ်လာတဲ့ Render ပုံရိပ်တွေကြောင့် ဒီယူဆချက်ဟာ ဖြစ်နိုင်ခြေရှိလာပါတယ်။

လူသိများ Leakster တစ်ဦးဖြစ်တဲ့ Evleaks ဟာ Sony Xperia 5 II (Mark 2) လို့ ဆိုတဲ့ စမတ်ဖုန်းရဲ့ ပထမဆုံး ပုံရိပ်တွေကို ယူဆောင်လာပေးပါတယ်။ မျိုးဆက်ဟောင်း Xperia 5 မှာလိုပဲ 21:9 Aspect Ratio ဆက်လက် အသုံးပြုလာပုံရပြီး Notch နဲ့ Punch-hole တွေ မပါတဲ့ Display ဟာ ရှင်းလင်းနေကာ ဆဲလ်ဖီး ကင်မရာကတော့ အပေါ်ဘက် Bezel ထဲမှာ ထည့်သွင်းထားပါတယ်။

စိတ်ဝင်စားစရာ နောက်တစ်ခုက ဒီဟန်းဆက်ရဲ့ ညာဘက်မှာ Physical Button လေးခုတောင် ပါဝင်တာပါပဲ။ တစ်ခုက အသံတိုးချဲ့ခလုတ်ဖြစ်ပြီး Power Button ကိုတော့ Fingerprint Reader နဲ့ တွဲဖက်ထားပါတယ်။ ကျန်တဲ့ ခလုတ်နှစ်က Google Assistant နဲ့ ကင်မရာ ခလုတ်တွေ ဖြစ်နိုင်ပါတယ်။

ဖုန်းရဲ့ နောက်ဘက်ကတော့ Xperia 1 II နဲ့ တစ်ပုံစံတည်းလို တူညီနေပြီး Quad-camera အစား Triple-cam ပါတာသာ ကွာခြားပါတယ်။ အပေါ်ဘက်မှာ NFC တံဆိပ်ပါဝင်ပြီး အလည်တည့်တည့်မှာတော့ SONY အမှတ်တံဆိပ်ကို မြင်ရပါတယ်။ အောက်ဆုံးမှာ XPERIA စာလုံးကို တွေ့ရမှာပါ။ ဖုန်းရဲ့ အပေါ်ဘက်မှာ 3.5mm Audio Jack ပါဝင်လာပါတယ်။

Render ပုံ ထွက်ပေါ်လာပေမယ့် သူ့ရဲ့ Specs တွေကိုတော့ မသိရသေးပါဘူး။ Xperia 5 ရဲ့ ခြေလှမ်းကို လိုက်မယ် ဆိုရင်တော့ Flagship အဆင့် Qualcomm Snapdragon 865 ချစ်ပ်ဆက် အသုံးပြုလာနိုင်ပါတယ်။

Ref – GizmoChina