Sony ဟာ ၂၀၁၉ ဖေဖော်ဝါရီတုန်းက Xperia 1 ကို စတင်ခဲ့တာပါ။ ၂၀၁၉ စက်တင်ဘာမှာ Xperia 5 ထွက်ခဲ့ပါတယ်။ MWC 2020 ပွဲမဖျက်သိမ်းခင်တုန်းကတော့ Sony ဟာ Xperia 5 Plus ဒါမှမဟုတ် Xperia 1.1 နာမည်နဲ့ Flagship တစ်လုံးကို ကြေညာမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

အခုတော့ Sony Xperia 9 လို့ယူဆရတဲ့ စမတ်ဖုန်းကို Press render အဖြစ်နဲ့တွေ့မြင်လာရပြန်ပါတယ်။ ဒီဟန်းဆက်ဟာ Mid-range ထဲကဖြစ်ဖွယ်ရှိပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က Xperia 10 ကို ဆက်ခံဖွယ်လည်းရှိပါတယ်။ အခုအချိန်ထိတော့ Sony ရဲ့ စမတ်ဖုန်းတွေကို နာမည်ပေးတာက ရှုပ်ရှုပ်ထွေးထွေးနိုင်နေတုန်းပါပဲ။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက Reddit မှာ Xperia 9 ရဲ့ Press render ပုံထွက်ပေါ်လာခဲ့တာပါ။ ဒီ Device ဟာ Snapdragon 765 processor နဲ့ထွက်လာမယ်လို့ ကောလာဟလ ထွက်ထားတာပါ။ Press render ပုံအရဆိုရင်တော့ Xperia 9 ရဲ့ မျက်နှာပြင်ဟာ Curved display အမျိုးအစားဖြစ်ပါတယ်။ ထိပ်ပိုင်း Bezel ကတော့ ခပ်ကြီးကြီးဖြစ်ပြီး၊ အောက်ခြေ Chin ကတော့ သိသိသာသာကျဉ်းမြောင်းပါတယ်။

Xperia 9 ကို ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် Pixel 4 နဲ့ ခပ်ဆင်ဆင်လို့ ပြောနိုင်ပါတယ်။ အပေါ်ဘက်မှာ ကင်မရာတစ်လုံးနဲ့ စပီကာအတွက် နေရာပြုလုပ်ထားတာကို တွေ့နိုင်ပါတယ်။ ကျောဘက်မှာတော့ ကင်မရာသုံးလုံးကို အထက်အောက်တန်းစီပြီး တပ်ဆင်ထားပါတယ်။ အခုအချိန်ထိတော့ ပေါက်ကြားလာတဲ့ ဒီ Render ဟာ Xperia 9 အစစ်အမှန်ဟုတ်၊ မဟုတ် အတည်မပြုရသေးပါဘူး။

Ref: Gizmochina