ပုံမှန်အားဖြင့် အဝတ်အစားနဲ့ အလှကုန်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချပြီး လူသိများတဲ့ Supreme အမှတ်တံဆိပ်ဟာ ဒီတစ်ခါတော့ အရင်ကနဲ့ မတူဘဲ ထူးထူးခြားခြား Mortal Kombat Arcade ဂိမ်းစက်ကြီး တစ်ခုကို သူတို့ရဲ့ ၂၀၂၀ ဆောင်းရာသီ Collection စာရင်းထဲ ထည့်သွင်းလာပါတယ်။

Supreme ရဲ့ Mortal Kombat Arcade ဂိမ်းစက်ကြီး တစ်ခုလုံးမှာ နာမည်ကျော် အမှတ်တံဆိပ်ရဲ့ အနီရောင်လိုဂိုကို နေရာအနှံ့ ထည့်ထားပြီး ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Raiden ကိုတောင် မူရင်း အပြာရောင်အစား အနီရောင် ဝတ်စုံနဲ့ တွေ့ရမှာပါ။ အပေါ်က Headboard မှာတော့ Supreme အမှတ်တံဆိပ်ကြီးကို ထင်ရှားစွာ ထည့်သွင်းထားပါတယ်။

ဒီဂိမ်းစက်မှာ ကစားသမားနှစ်ယောက် တပြိုင်တည်းကစားနိုင်တဲ့ Joystick တွေ ပါဝင်ပြီး 17” LCD Display ကြီးနဲ့ပါ။ ပိုမိုက်တာကတော့ ဂိမ်းတစ်ခုတည်း ပါတာမဟုတ်ဘဲ MK စီးရီးရဲ့ ပထမဆုံး ဂိမ်းသုံးခုဖြစ်တဲ့ Mortal Kombat, Mortal Kombat II နဲ့ Ultimate Mortal Kombat တို့ကို ဆော့ကစားနိုင်မှာပါ။

Supreme ပရိသတ် ဂိမ်မာတွေအတွက်တော့ အတော်လေး လိုချင်စရာ ဖြစ်တဲ့ ဒီဂိမ်းစက်ကို မူလ Arcade1UP ရဲ့ Mortal Kombat At-Home ဂိမ်းစက်အပေါ် အခြေခံ ဖန်တီးထားတာ ဖြစ်ပါတယ်။ မူရင်း ဂိမ်းစက်ကို ဒီအချိန်မှာ အမေရိကန် ဒေါ်လာ ၃၀၀ – ၄၀၀ ဝန်းကျင်နဲ့ ဝယ်ယူနိုင်ပြီး Supreme ဗားရှင်းကတော့ ဒီထက် အများကြီး ပိုကုန်ကျနိုင်ပါတယ်။

Ref – OneEsports