ထိုင်ဝမ် နိုင်ငံ၊ Shilin ခရိုင် အစိုးရရှေ့နေရုံးက တရုတ် စမတ်ဖုန်းကုမ္ပဏီ OnePlus ရဲ့ CEO ဖြစ်သူ Pete Lau ကို ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ အစိုးရရဲ့ ခွင့်ပြုချက် မရှိဘဲ ထိုင်ဝမ် နည်းပညာရှင်တွေကို တရားမဝင် ငှားရမ်း ခေါ်ယူခဲ့တဲ့အတွက် Cross-Strait Act ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ စစ်ဆေး တွေ့ရှိချက်တွေအရ သူဟာ ထိုင်ဝမ် နိုင်ငံသား အင်ဂျင်နီယာ ၇၀ ကျော်ကို စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘဲ ခန့်ထားခဲ့တယ်လို့ သိရပါတယ်။

အစိုးရရှေ့နေတွေရဲ့ ပြောကြားချက်အရ Pete Lau ဟာ ဥပဒေကို ရှောင်ကွင်းဖို့အတွက် ဟောင်ကောင် မှာ ကုမ္ပဏီခွဲတစ်ခုကို အရင်ဦးဆုံး တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက် ထိုင်ဝမ် မှာ ရုံးခွဲတစ်ခု ထပ်ဖွင့်ပြီး အင်ဂျင်နီယာတွေကို လစာမြင့်မြင့်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ခေါ်ယူခံရတဲ့ ဝန်ထမ်းတွေဟာ OnePlus စမတ်ဖုန်းတွေအတွက် ဆော့ဖ်ဝဲလ်ပိုင်းဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း (R&D) တွေကို အဓိက လုပ်ကိုင်ပေးခဲ့ရတာပါ။ ဒီကိစ္စမှာ Pete Lau နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ထိုင်ဝမ် နိုင်ငံသား နှစ်ဦးကိုလည်း တရားစွဲဆိုထားပါတယ်။

လက်ရှိမှာ ထိုင်ဝမ် အစိုးရဟာ နိုင်ငံတွင်းက နည်းပညာ ကျွမ်းကျင်သူတွေကို တရုတ် ကုမ္ပဏီတွေက ခေါ်ယူနေတာကို အမျိုးသား လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှုမြင်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ ဥပဒေအရ တရုတ် ကုမ္ပဏီတွေအနေနဲ့ ထိုင်ဝမ် မှာ ရုံးခန်းဖွင့်မယ်ဆိုရင် အစိုးရရဲ့ ခွင့်ပြုချက် အတိအကျ ရယူဖို့ လိုအပ်ပါတယ်။ OnePlus ဘက်ကတော့ ဒီသတင်းတွေ ထွက်ပေါ်နေပေမယ့် သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေက ပုံမှန်အတိုင်း ရှိနေတယ်လို့ တုံ့ပြန် ပြောကြားထားပါတယ်။
Ref : reuters