သက်တမ်းနုနယ်သေးတဲ့ စမတ်ဖုန်းကုမ္ပဏီ TCL ကနေ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ Concept ဖုန်းနှစ်လုံးကို မိတ်ဆက်လာခဲ့ပါတယ်။

TCL ကနေ ထုတ်ပြလာတဲ့ စမတ်ဖုန်းတွေဟာ ဈေးကွက်ထဲကိုတော့ ရောင်းချဦးမှာမဟုတ်သေးတဲ့ Concept ဖုန်းတွေဖြစ်ပြီး အလွန် Flexible ဖြစ်တဲ့ Display တွေနဲ့တည်ဆောက်ထားပါတယ်။ တစ်ခုက သုံးခေါက်ချိုး (Three-fold) ချိုးနိုင်တဲ့ Foldable ဟန်းဆက်ဖြစ်ပြီး နောက်တစ်ခုကတော့ ဟန်းဆက်ရဲ့ကိုယ်ထည်ထဲမှာ ဆွဲဆန့်ထုတ်လို့ရတဲ့ အံဆွဲလို Display မျိုးပါဝင်လာပါတယ်။

ဒီ Display Panel တွေကိုထုတ်လုပ်သူကလည်း ကုမ္ပဏီရဲ့ ကိုယ်ပိုင် Screen ဌာနခွဲဖြစ်တဲ့ TCL-CSOT ဖြစ်တာကြောင့် ပိုပြီးအထင်ကြီးစရာဖြစ်ပါတယ်။ Flexible AMOLED မျက်နှာပြင်တွေဟာ 10” လက်မအရွယ် Tablet တစ်ခုကို 6.65” လက်မအရွယ်ထိ ခေါက်ချိုးစေနိုင်ပြီး 3K Resolution ထိ ပါဝင်ပါတယ်။

TCL ဟာ ခေါက်ချိုးဖုန်းတွေအတွက် အရေးပါတဲ့ Hinge (ပတ္တာ) နေရာကို DragonHinge နဲ့ ButterflyHinge ဆိုတဲ့ ဒီဇိုင်းနှစ်မျိုးထုတ်လုပ်ထားပြီး အတွင်းကို Galaxy Fold လိုမျိုးခေါက်ချိုးကာ အပြင်ကို Mate X လို ခေါက်ချိုးရတဲ့ ပုံစံတွေဖြစ်ပါတယ်။

Flexible ဟန်းဆက်ဒီဇိုင်းကတော့ ပိုလို့တောင်ခေတ်ရှေ့ပြေးနေပါသေးတယ်။ ဒီဖုန်းဟာ ဘေးတိုက်ဆွဲဆန့်ထုတ်လို့ ရတဲ့ Display နဲ့ဖြစ်ပြီး ဟန်းဆက်ကိုယ်ထည်ထဲကနေ ကျန်တဲ့ Display ပိုင်းကို ဆွဲထုတ်လို့ရပါတယ်။ ဒါကတော့ အတွင်းမှာ လိပ်ထားလို့ရတဲ့ AMOLED Panel ဖြစ်ပြီး 6.75” လက်မအရွယ် Display ကို 7.8” လက်မအရွယ်ဖြစ်အောင် ဆွဲထုတ်ပြတာကို မြင်ရမှာပါ။ လောလောဆယ်ထုတ်ပြလာတဲ့ Concept ဖုန်းမှာ ဒီစနစ်ကို Manual တော့ လုပ်လို့မရသေးပါဘူး။

Display ရဲ့ပုံစံပြောင်းသွားတာနဲ့ User Interface ကလည်း ပိုကြီးလာတဲ့ Screen ကိုလိုက်ပြီး ပြောင်းသွားတာကို တွေ့ရမှာပါ။ သူက Split-screen တစ်ခုလို အသုံးတော်ခံနိုင်ပြီး Multi-tasking လုပ်ဆောင်ရည်ကို ပိုမြင့်သွားစေပါတယ်။ TCL ဟာ ဒီဖုန်းတွေကို ဘယ်တော့လောက် ဈေးကွက်ထဲ ပို့နိုင်အောင် ကြိုးစားလာမယ်ဆိုတာနဲ့ ခန့်မှန်းဈေးနှုန်း စတဲ့ အချက်တွေကို မဖြေကြားခဲ့ပေမယ့် မီဒီယာတွေကို ကိုင်တွယ်ကြည့်ရှုနိုင်အောင် ပြသခဲ့ပါတယ်။

Ref – GSM Arena