စမတ်ဖုန်းပရိသတ်တွေ MWC ပွဲကြီးကို မျှော်လင့်နေကြချိန်မှာပဲ Tecno ကတော့ အာဖရိကဈေးကွက်မှာ Camon 50 နဲ့ Camon 50 Pro စမတ်ဖုန်းအသစ်တွေကို အံ့အားသင့်စရာ တိတ်တဆိတ် မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းနှစ်လုံးဟာ အချက်အလက်အများစု တူညီကြပြီး MediaTek ရဲ့ Helio G200 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ ဒါ့အပြင် 45W အမြန်အားသွင်းစနစ် ပါဝင်တဲ့ 6,150mAh ဘက်ထရီကြီးကို တပ်ဆင်ပေးထားလို့ ဘက်ထရီအတွက်ကတော့ စိတ်ပူစရာမလိုတော့ပါဘူး။ RAM 8GB နဲ့ လာပြီး Storage အနေနဲ့ ရိုးရိုးမော်ဒယ်မှာ 128GB ကနေစတင်ကာ Pro မော်ဒယ်မှာတော့ 256GB ပါဝင်ပါတယ်။

မျက်နှာပြင်ပိုင်းကို ကြည့်မယ်ဆိုရင် ဖုန်းနှစ်လုံးစလုံးမှာ 144Hz Refresh Rate ပါဝင်တဲ့ 6.78-inch Full HD+ AMOLED မျက်နှာပြင်တွေကို အသုံးပြုပေးထားပါတယ်။ ဒီနေရာမှာ အဓိက ကွာခြားသွားတာက ဒီဇိုင်းပိုင်းပါ။ Camon 50 Pro ဟာ ကိုင်တွယ်ရပိုမိုက်တဲ့ ကွေးညွတ်တဲ့ မျက်နှာပြင် (Curved Display) နဲ့ လာပြီး ရိုးရိုး Camon 50 ကတော့ ပြားချပ်တဲ့ မျက်နှာပြင် (Flat Display) ကို အသုံးပြုထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ်နဲ့ 32-Megapixel ဆဲလ်ဖီးကင်မရာတွေကတော့ နှစ်လုံးစလုံးမှာ အတူတူပဲ ဖြစ်ပါတယ်။

ကင်မရာပိုင်းဟာ ဒီဖုန်းတွေရဲ့ အသက်သွေးကြောလို့ ပြောလို့ရပါတယ်။ ကျောဘက်မှာ 50-Megapixel Sony LYT700C အဓိကဆင်ဆာကို 8-Megapixel Ultrawide မှန်ဘီလူးနဲ့ တွဲဖက်ပေးထားပါတယ်။ ဒါပေမဲ့ Camon 50 Pro မော်ဒယ်မှာတော့ OIS (ရုပ်ငြိမ်စနစ်) ပါဝင်တဲ့ 50-Megapixel 3x Periscope Telephoto ကင်မရာတစ်လုံး အလန်းစား ထပ်တိုးပါဝင်လာလို့ အဝေးကပုံတွေကို ကြည်ကြည်လင်လင် ရိုက်ကူးနိုင်တော့မှာပါ။

အကြမ်းခံနိုင်စွမ်းအတွက် IP68/69/69K အဆင့်သတ်မှတ်ချက်တွေ ပါဝင်လို့ ရေနဲ့ ဖုန်မှုန့်ဒဏ်ကို ကောင်းကောင်း ခံနိုင်ရည်ရှိပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ TECNO ရဲ့ HiOS 16 ကို အသုံးပြုထားပြီး One-Tap AI Key နဲ့ Dolby Atmos အသံစနစ်ပါဝင်တဲ့ စတီရီယို စပီကာတွေလည်း ပါဝင်ပါသေးတယ်။ ဈေးနှုန်းအနေနဲ့ ကင်ညာနိုင်ငံမှာ Camon 50 ကို ခန့်မှန်းခြေ ကန်ဒေါ်လာ 290 ဝန်းကျင်နဲ့ Camon 50 Pro ကို ကန်ဒေါ်လာ 340 ဝန်းကျင်နဲ့ စတင်ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ လောလောဆယ် 5G ဗားရှင်းတွေ မထွက်သေးပေမဲ့ မကြာခင်ကျင်းပမယ့် MWC 2026 ပွဲကြီးမှာ ထပ်မံမြင်တွေ့ရဖို့ ရှိနေပါတယ်။

Ref : Gizmochina