Tecno ဟာ အခုနောက်ပိုင်းဆက်တိုက်ကို အောင်မြင်မှုတွေရရှိလာတဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် Tecno ကနေ ထုတ်လုပ်ရောင်းချနေတဲ့ Budget နဲ့ Mid Range ဖုန်းတွေဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး စျေးနှုန်းသက်သာတာကြောင့် စျေးကွက်အတွင်းမှာ အသုံးပြုသူများပြားလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းတုန်းကလည်း Tecno ဟာ Phantom X2 Series ကို မိတ်ဆက်ခဲ့ပြီး MediaTek Dimensity 9000 လိုမျိုး Flagship Chipset ကို အသုံးပြုလာတဲ့အပြင် Retractable Camera လိုမျိုး နည်းပညာအသစ်တွေကို ချပြသွားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လတုန်းကလည်း ခေါက်ချိုးနိုင်သလို လိပ်ထားနိုင်တဲ့ Display နည်းပညာပါဝင်တဲ့ Phantom Vision V Concept ဖုန်းကိုလည်း ပြသခဲ့ပါတယ်။

 

အခုနောက်ဆုံး Tecno ကနေ ထုတ်ပြန်လိုက်တဲ့သတင်းအရ Tecno ကုမ္ပဏီဟာ ပထမဆုံးအကြိမ်အနေနဲ့ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပသွားမယ့် Mobile World Congress (MWC) 2023 Event  တက်ရောက်သွားမယ်လို့သိရပါတယ်။ MWC 2023 Event ဟာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီတွေအသီးသီးတက်ရောက်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် Tecno ကနေ ထုတ်ပြန်ခဲ့တဲ့ Teaser ဓါတ်ပုံအရ တခြားသော စမတ်ဖုန်းကုမ္ပဏီတွေလိုမျိုး စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားဖို့ မစီစဥ်ထားဘူးလို့ ယူဆရပါတယ်။ လောလောဆယ်မှာ Honor ဟာ MWC Event မှာ Magic5 Series နဲ့ Magic Vs Foldable ဖုန်းတွေကို မိတ်ဆက်ဖို့ စီစဥ်ထားသလို OnePlus ၊ Xiaomi လိုမျိုး ကုမ္ပဏီတွေလည်း စမတ်ဖုန်းအသစ်တွေကို ပြသသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China