ပြီးခဲ့တဲ့ မေလဆန်းလောက်ကစပြီး Telegram ဟာ အခကြေးငွေနဲ့အသုံးပြုရမဲ့ Feature တွေစမ်းသပ်နေကြောင်း သတင်းထွက်လာခဲ့ပါတယ်။ မေလနှောင်းပိုင်းမှာတော့ Telegram ဟာ Premium Plan ကို မကြာခင်မှာပဲ စတင်လာဖွယ်ရှိတယ်လို့ အချက်အလက်အချို့ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အခုတော့ Telegram ဟာ အခကြေးငွေပေးဆောင်တဲ့ အဆင့်ကိုစတင်တော့မှာဖြစ်တယ်လို့ ကုမ္ပဏီတည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Pavel Durov က အတည်ပြုပြောဆိုလိုက်ပါပြီ။ အခကြေးငွေပေးဆောင်ရမယ်ဆိုပေမဲ့ စိုးရိမ်စရာမရှိတာက လက်ရှိအခမဲ့အသုံးပြုနေတဲ့ Feature တွေကို အခမဲ့အနေနဲ့ပဲ ဆက်ပြီးတော့အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ အနာဂတ်မှာလည်း အခမဲ့အသုံးပြုနိုင်တဲ့ Feature သစ်တွေ ရောက်လာဦးမယ်လို့ သိရပါတယ်။ “ဘယ်သူ့ကိုမဆို အပိုဝန်ဆောင်မှုတွေ၊ မြန်နှုန်းနဲ့ Resources တွေကို ရယူဖို့ခွင့်ပြုမယ်” လို့လည်း Durov က ဆိုပါတယ်။ Telegram Premium ကု Subscribe မလုပ်ထားတဲ့သူတွေလည်း Extra-large documents တွေ၊ Media တွေနဲ့ Premium users တွေက ပို့တဲ့ Sticker တွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ရယူနိုင်မယ်လို့လည်း သိရပါတယ်။

“Telegram အနေနဲ့ သုံးစွဲသူတွေဟာ အဓိကဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေကြောင်း သေချာစေဖို့အတွက် ဝန်ဆောင်မှုတွေအတွက်ငွေကြေးထောက်ပံ့မှုကို ကြော်ငြာသမားတွေဆီကမဟုတ်ဘဲ အသုံးပြုသူတွေဆီကသာ ယူသင့်တယ်လို့ထင်မြင်ပါတယ်” လို့ Durov က အခကြေးငွေကောက်ခံရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ရှင်းပြသွားပါသေးတယ်။

Ref: GSM Arena