Tesla လို့ ပြောလိုက်ရင် လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီလို့ သိကြပါတယ်။ Tesla ဟာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ပြီး စမတ်ဖုန်း ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ ကြာပါပြီ။ Tesla ရဲ့ ဖုန်း ဒီဇိုင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပြီး အဲဒီဖုန်းမှာ Android သို့မဟုတ် iOS ထည့်သွင်းထားမလား ၊ ကိုယ်ပိုင် Firmware ပါလာမလားဆိုတာ မသိရသေးပါဘူး။

Tesla Wireless Charger

အခုတော့ Tesla က စမတ်ဖုန်းနဲ့ တခြား Device တွေအတွက် Wireless Charger ၁ ခုကို ကြေညာလိုက်ပြီး အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ သံလိုက်နဲ့ ဖြုတ်၊ တပ် နိုင်တဲ့ Stand ပါလာပြီး Stand ကို ဖြုတ်ကာ Charger ကို စားပွဲခုံပေါ်မှာ ထားရှိ အသုံးပြုနိုင်ပါတယ်။

Tesla Wireless Charger

ဈေးကွက်ထဲမှာ Wireless Charger များစွာ ရှိပေမယ့် Tesla ရဲ့ Charger က ထူးခြားပြီး FreePower နည်းပညာ ပါလာပါတယ်။ ဒီနည်းပညာကြောင့် သင့် Device ကို Charger ပေါ်မှာ အားသွင်းဖို့ နေရာ ချိန်ညှိစရာ မလိုဘဲ ကြိုက်တဲ့ မျက်နှာပြင်ပေါ်တင်ကာ အားသွင်းနိုင်ပါတယ်။

Tesla ရဲ့ Wireless Charger ဟာ Device ၃ ခုကို တစ်ပြိုင်နက် အးသွင်းပေးနိုင်ပြီး Qi Wireless Charging နည်းပညာကို အသုံးပြုထားပါတယ်။ အားသွင်းအမြန်နှုန်းက 15W ဖြစ်ပါတယ်။ Tesla ရဲ့ Wireless Charger ဟာ ပရီမီယမ်ဆန်ပြီး တခြား Charger တွေထက် Device များများကို အားသွင်းပေးနိုင်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းက ဒေါ်လာ ၃၀၀ ဆိုတော့ များတယ်လို့ ပြောရမှာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ရောင်းချမှာပါ။

Tesla က Wireless Charger ကို ရောင်းချတော့မှာ ဖြစ်တဲ့အတွက် Tesla ရဲ့ စမတ်ဖုန်းဟာ နောက်နှစ်မှာ ထွက်လာမလားဆိုတာ ရင်ခုန်စောင့်စားရမှာပါ။

Ref : gizchina