စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ Screen-to-Body Ratio မြင့်မားလာစေဖို့အတွက် ဆက်တိုက်ကို ပြုလုပ်နေကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖုန်းရဲ့ ဘေးဘောင်တွေကို တဖြည်းဖြည်းပိုသေးလာအောင် ပြုလုပ်လာတဲ့အပြင် Selfie Camera Design ကိုလည်း Notch Design မျိုးစုံကနေ Punch-hole ၊ Pop-up Design မျိုးစုံနဲ့ မိတ်ဆက်လာခဲ့ပါတယ်။

ဒီလိုမျိုး ဖုန်းရဲ့ အရှေ့ဘက်ကို Display အပြည့်ဖြစ်စေဖို့အတွက်ကတော့ In-Display Selfie Camera နည်းပညာကို ပြောင်းလဲဖို့ စမတ်ဖုန်းကုမ္ပဏီတွေက ကြိုးစားနေကြတာဖြစ်ပါတယ်။ Xiaomi ၊ OPPO လိုမျိုး ကုမ္ပဏီတွေက In-Display Selfie Camera တွေကို Prototype နည်းပညာအနေနဲ့ ထုတ်ပြခဲ့ဖူးပေမယ့် အခုအချိန်အထိကို စျေးကွက်အတွက် အမြောက်အများထုတ်လုပ်နိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်နိုင်ငံရဲ့ Display ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Visionox Solution ကနေ ကောင်းစွာအလုပ်လုပ်နေပြီဖြစ်တဲ့ In-Display Selfie Camera အသုံးပြုနိုင်တဲ့ နည်းပညာကို အမြောက်အများထုတ်လုပ်နေပြီဖြစ်ပါတယ်။ ဒါက တကမ္ဘာလုံးမှာ ပထမဆုံးမိတ်ဆက်ခဲ့တာဖြစ်သလို ကမ္ဘာ့ပထမဆုံး In-Display Selfie Camera ပါဝင်တဲ့ စမတ်ဖုန်းကို မကြာခင်မှာ မိတ်ဆက်လာတော့မယ်လို့ ယူဆရပါတယ်။

Visionox ဟာ အခုလိုမျိုး ကောင်းစွာအလုပ်လုပ်တဲ့ In-Display Selfie Camera ကိုရရှိစေဖို့အတွက် Camera Sensor နေရာဝန်းကျင်မှာ Transparency ပိုကောင်းအောင်ပြုလုပ်ခဲ့ရပြီး Circuit နဲ့ Pixel Structure Design တွေကိုလည်း အတတ်နိုင်ဆုံး Display ကို ထိခိုက်မှုနည်းပါးအောင် ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Visionox ကနေ စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီးတော့ Diffraction ၊ Glare နဲ့ Fogging Effect တွေကို လျော့ချနိုင်စေဖို့အတွက် Software Algorithm အသစ်ကိုလည်း ဆောင်ရွက်နေတယ်လို့ သတင်းတွေထွက်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ပထမဆုံး In-Display Selfie Camera ပါဝင်တဲ့ စမတ်ဖုန်းကို မကြာခင်မှာတွေ့မြင်ရတော့မှာဖြစ်ပြီး Xiaomi ၊ OPPO နဲ့ Huawei ကုမ္ပဏီတွေထဲက ဘယ်သူက အရင်ဆုံးမိတ်ဆက်မလဲဆိုတာက စိတ်လှုပ်ရှားစရာပါ။

Ref – Android Authority