Apple ဟာပြီးခဲ့တဲ့လတုန်းက ပြုလုပ်ခဲ့တဲ့ WWDC Keynote မှာ Mac ကွန်ပျူတာတွေအတွက် အကြီးမားဆုံးပြောင်းလဲမှုတစ်ခုကို ကြေညာခဲ့ပါတယ်။ ဒါကတော့ Mac ကွန်ပျူတာတွေမှာ Intel Processor တွေအစား ARM Architecture ကို အခြေခံထားတဲ့ ကိုယ်ပိုင် Apple Silicon Processor တွေကို အသုံးပြုသွားမှာပဲဖြစ်ပါတယ်။

Apple ကတော့ အဆိုပါ WWDC Keynote မှာ ကိုယ်ပိုင် Apple Silicon Processor အသုံးပြုထားတဲ့ ပထမဆုံး MacBook ကို ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ MacBook အကြောင်းကို Apple သတင်းတွေကို ခန့်မှန်းနေကျ Ming-Chi Kuo ကနေ သတင်းအချို့ပြောကြားလိုက်ပါပြီ။

ဒါကတော့ Apple Silicon Processor ကိုအသုံးပြုလာမယ့် MacBook ဟာ 13.3″ MacBook Pro ဖြစ်လာမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကိုယ်ပိုင် ARM Processor ကိုအသုံးပြုထားတဲ့ 13.3″ MacBook Pro ကို ယခုနှစ် စတုတ္ထ ၄ လပတ်မှာ စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး Apple ကနေ အတည်ပြုခဲ့သလိုပဲ နှစ်ကုန်ပိုင်းမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Apple အနေနဲ့ 13.3″ MacBook Pro ကို ယခုနှစ်အစောပိုင်းတုန်းက Intel 10th Generation Processor တွေနဲ့ Update ပြုလုပ်ပေးခဲ့တဲ့အတွက် အခုလိုမျိုး ကိုယ်ပိုင် ARM Processor နဲ့ MacBook ကိုလည်း 13.3″ MacBook Pro အနေနဲ့ပဲထုတ်သွားမှာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဖြစ်နိုင်တာကတော့ လက်ရှိ 13.3″ MacBook Pro ကိုပဲ Design ပြောင်းလဲခြင်းမရှိဘဲ Processor နဲ့ Specification ပဲ ပြောင်းလဲသွားမယ်လို့ ခန့်မှန်းရပါတယ်။

Ming-Chi Kuo ကတော့ အခုလိုမျိုး Apple Silicon ကိုအသုံးပြုထားတဲ့ Mac ကွန်ပျူတာအသစ်တွေဟာ စျေးနှုန်းအနေနဲ့လည်းပိုသက်သာမှာဖြစ်တယ်လို့ သိရပါတယ်။ Apple ဟာ လာမယ့် ၂၀၂၁ အတွင်းမှာ Mac ကွန်ပျူတာပေါင်း ၁၈ သန်းကနေ ၂၁ သန်းအထိ ရောင်းချထားဖို့ခန့်မှန်းထားပြီးတော့ ၂၀၁၉ ခုနှစ်တုန်းက ရောင်းအားဖြစ်တဲ့ ၁၄.၅ ကနေ ၁၅.၅ သန်းနဲ့ ယှဥ်ရင် သိသိသာသာကိုပိုများလာတာဖြစ်ပါတယ်။

Ref – Engadget