Google ရဲ့ Cloud Storage Service တစ်ခုဖြစ်တဲ့ Google One ဟာ အခုဆိုရင် Google Drive Storage ကိုထပ်မံဝယ်ယူတာထက် ပိုပြီး Feature တွေ ပါဝင်နေပြီဖြစ်ပါတယ်။​ ဒီလိုမျိုး Feature တွေထဲမှာ တချို့သော Google နဲ့ ချိတ်ဆက်ထားတဲ့ ခရီးသွားလာမှုတွေမှာ လျော့စျေးရရှိနိုင်တာ၊​ Google Photos မှာ Editing Feature အသစ်တွေ ရရှိနိုင်တာတွေ ပါဝင်ခဲ့ပါတယ်။​

ဒါတင်မဟုတ်သေးဘဲ Google ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Google One ကို ဝယ်ယူအသုံးပြုနေတဲ့သူတွေအတွက် VPN Service ကိုပါ ပေးထားခဲ့ပါတယ်။​ ဒါပေမယ့်လည်း Android ဖုန်းတွေမှာပဲ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။

Google ကိုယ်တိုင်ကတော့ iOS အတွက်လည်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမယ်ဆိုပေမယ့် အချိန်အတော်ကြာ Android မှာပဲ အသုံးပြုနိုင်ခဲ့ပါတယ်။​ အခုနောက်ဆုံးတော့ iOS Device တွေအတွက် Google One မှာ VPN Service ကို စတင်အသုံးပြုနိုင်ပြီဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်​။​

ဒါပေမယ့် ဒီလိုမျိုး Google One ရဲ့ VPN Service ကို အသုံးပြုဖို့အတွက် Google One Storage ကို အနိမ့်ဆုံး 2TB ဝယ်ယူထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ တကယ်လို့ 2TB အထက် Google One Plan ကို သုံးနေတယ်ဆိုရင်တော့ Google One App ထဲ ဝင်ရောက်ပြီး VPN အသုံးပြုနိုင်ပြီဖြစ်ပါတယ်။​

Google One ရဲ့ VPN ဟာ လုံခြုံရေးပိုင်းမှာတော့ Safe Disconnect လိုမျိုး Feature တွေပါဝင်တာကြောင့် ကောင်းမွန်ပေမယ့် တခြား သီးသန့်ဝယ်ယူအသုံးပြုရတဲ့ VPN တွေလိုမျိုး နိုင်ငံပြောင်းလဲအသုံးပြုနိုင်မှာတော့ မဟုတ်ပါဘူး။

Ref – The Verge