iPhone 12 ဟာ တရုတ်နိုင်ငံဈေးကွက်မှာ နွေးထွေးတဲ့ကြိုဆိုမှုကို လက်ခံရရှိခဲ့တယ်လို့ South China Morning Post က ရေးသားဖော်ပြခဲ့ပါတယ်။ ပေကျင်းမြို့ဟာ အေးခဲတဲ့ရာသီဥတုဖြစ်နေပေမယ့် Apple အရောင်းဆိုင်ရှေ့မှာတော့ 6.1-inch မော်ဒယ် iPhone ကို ဝယ်ယူဖို့ တန်းစီစောင့်ဆိုင်းနေကြတုန်းပဲ ဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေခြင်းဟာ Apple ရဲ့ တရုတ်နိုင်ငံဈေးကွက်အတွက် ကြီးမားတဲ့ သက်ရောက်မှုကို မဖြစ်စေဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ လေ့လာသူအချို့ကလည်း iPhone 12 ဟာ ၇ လကြာ ရောင်းအားကောင်းခဲ့တဲ့ iPhone 11 ထက် ပိုကြီးမားတဲ့ဆွဲဆောင်မှုကို ဖြစ်ပေါ်စေနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

လက်တလောထွက်ရှိလာတဲ့ သတင်းတွေအရလည်း တရုတ်နိုင်ငံက သုံးစွဲသူတွေဟာ ယွမ် ၁ ထောင် ($150 ဝန်းကျင်) ဈေးပိုကြီးလည်း iPhone 12 ကို ဝယ်ယူဖို့အတွက်  အဆင်သင့် ဖြစ်နေကြတယ်လို့ သိရပါတယ်။ အခွန်နဲ့ ဝန်ဆောင်ခတွေကြောင့် iPhone 12 တွေရဲ့ တရုတ်ပြည်တွင်းရောင်းချဈေးနှုန်းဟာ အမေရိကန်ဈေးကွက်မှာထက် သိသိသာသာ ပိုများနေသလို၊ Xiaomi, OPPO နဲ့ OnePlus တို့လို ပြည်တွင်းကုမ္ပဏီတွေရဲ့ 5G ဟန်းဆက်တွေထက်လည်း ဈေးပိုကြီးနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း iPhone 12 ဟာ တရုတ်အွန်လိုင်းဈေးကွက်တွေမှာလည်း ခေတ်စားနေပြီး Alibaba ရဲ့ Tmall မှာ လာရောက်ကြည့်ရှုလေ့လာမှုပေါင်း သန်း ၃၀ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ JD.com ရဲ့ လက်ခံကုန်ပစ္စည်းကလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ Live ပြီးပြီးချင်း စက္ကန့် ၃၀ အတွင်းမှာပဲ အကုန်လုံး ကုန်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါတွေက iPhone 12 ရဲ့ တရုတ်နိုင်ငံဈေးကွက်အတွင်း ဝယ်လိုအားကို တစ်စိတ်တစ်ပိုင်း ပြသနေတာလည်း ဖြစ်ပါတယ်။

iPhone 12 ဟာ Apple ရဲ့ ပထမဦးဆုံးသော 5G iPhone ဖြစ်တာကလည်း Apple fan တွေအတွက် အဓိကဆွဲဆောင်မှုလို ဖြစ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ အထင်ကရနေရာတိုင်းလိုလို 5G ကွန်ရက်ကိုသုံးစွဲနိုင်ပြီး၊ 5G တိုးတက်မှုနှုန်းဟာလည်း လျင်လျင်မြန်မြန်နဲ့ ဖွံ့ဖြိုးနေတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ တရုတ်နိုင်ငံအတွင်း iPhone အသစ်ကို ပြောင်းလဲကိုင်ဆောင်မယ့်ရာခိုင်နှုန်းဟာ ၂၀% အထိ ရှိလာနိုင်မယ်လို့ Wedbush Securities က လေ့လာဆန်းစစ်သူ Daniel Lves က ခန့်မှန်းပြောဆိုလိုက်ပါတယ်။

Kuo Ming-Chi ကလည်း iPhone 12 Pro ရဲ့ တရုတ်နိုင်ငံတွင်းရောင်းချမှုဟာ စုစုပေါင်း တင်ပို့ရောင်းချမှုရဲ့ ၃၅% ကနေ ၄၅% အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါသေးတယ်။

Ref: Phone Arena