Trump Organization က သူတို့ရဲ့ Trump Mobile အမှတ်တံဆိပ်နဲ့အတူ T1 Phone 8002 ဆိုတဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့တုန်းက အဓိက ဆွဲဆောင်မှုတစ်ခုကတော့ အဲဒီဖုန်းကို “အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တယ်” ဆိုတဲ့အချက်ပါပဲ။ ဒါပေမဲ့ အဲဒီကတိက အခုတော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါပြီ။
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာပဲ Trump Mobile ရဲ့ ဝဘ်ဆိုဒ်ပေါ်ကနေ ဖုန်းကို အမေရိကန်မှာ ထုတ်လုပ်ကြောင်း ရည်ညွှန်းတဲ့ စာသားအားလုံးကို ဖယ်ရှားလိုက်တာကို တွေ့ရပါတယ်။ ဥပမာအနေနဲ့ ဝဘ်ဆိုဒ်ရဲ့ ပင်မစာမျက်နှာမှာ အကြီးအကျယ် ကြော်ငြာထားတဲ့ “MADE IN THE USA” ဆိုတဲ့ စာတန်းကြီးတောင် မရှိတော့ပါဘူး။
အဲဒီအစား အခုအခါမှာ ဝဘ်ဆိုဒ်က “Premium Performance. Proudly American.” (ထိပ်တန်းစွမ်းဆောင်ရည်။ ဂုဏ်ယူဖွယ် အမေရိကန်) ဆိုတဲ့ ဆောင်ပုဒ်အသစ်ကို ပြောင်းသုံးထားပါတယ်။ ဒါ့အပြင် “အမေရိကန်တန်ဖိုးတွေကို စိတ်ထဲမှာထားပြီး ဒီဇိုင်းထွင်ထားတယ်”၊ “ဖုန်းတိုင်းရဲ့နောက်ကွယ်မှာ အမေရိကန်တွေရဲ့ လက်တွေရှိတယ်” ဆိုတဲ့ ဘာအဓိပ္ပာယ်မှ တိတိကျကျမရှိတဲ့ စကားလုံးတွေကိုပဲ သုံးစွဲလာပါတယ်။ ဒီအချက်တွေက ဖုန်းကို အမေရိကန်မှာ ထုတ်လုပ်တယ်၊ ဒီဇိုင်းဆွဲတယ်ဆိုတာကို လုံးဝ အာမမခံပါဘူး။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဖုန်းနဲ့ပတ်သက်တဲ့ တခြားအချက်အလက်တွေပါ ပြောင်းလဲသွားတာကို တွေ့ရပါတယ်။
Screen အရွယ်အစား: မူလက ၆.၇၈ လက်မ AMOLED လို့ ကြော်ငြာခဲ့ပေမယ့် အခုတော့ ၆.၂၅ လက်မလို့ ပြောင်းသွားပါတယ်။
RAM: အရင်က 12GB RAM ပါမယ်လို့ ပြောခဲ့ပေမယ့် အခုဆို RAM အကြောင်းကို ဝဘ်ဆိုဒ်မှာ လုံးဝ ဖော်ပြမထားတော့ပါဘူး။
ပို့ဆောင်မယ့်ရက်: စက်တင်ဘာလမှာ ပို့ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အခုတော့ “ဒီနှစ်နှောင်းပိုင်း” ဆိုပြီး အချိန်ကာလ မတိမကျ ပြောင်းလဲသွားပါတယ်။
ဒီအပြောင်းအလဲတွေကြောင့် Trump Mobile ဟာ ဖုန်းထုတ်လုပ်ဖို့အတွက် ပစ္စည်းသွင်းတဲ့ ကုမ္ပဏီ (Supplier) ကို ပြောင်းလိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ Trump Organization ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ တရားဝင်ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
မပြောင်းလဲဘဲ ကျန်နေသေးတဲ့ တစ်ခုတည်းသောအရာကတော့ ဖုန်းရဲ့ အရည်အသွေးမမီတဲ့ Photoshop နဲ့ ပြင်ထားတဲ့ပုံပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေအားလုံးက ဒီ Trump Phone ဟာ တကယ်ရော ရှိရဲ့လား၊ ယုံကြည်ရပါ့မလား ဆိုတဲ့အပေါ် သံသယတွေကို ပိုပြီးကြီးထွားလာစေပါတယ်။
Ref : Theverge