ကိုရိုနာဗိုင်းရတ် ပျံ့နှံ့မှုဟာ ကမ္ဘာ့စီးပွားရေးလောကကို ကမောက်ကမဖြစ်စေရုံမကဘဲ တရုတ်နဲ့အမေရိကန်တို့ရဲ့ ကုန်သွယ်ရေးစစ်မီးကို ပိုပြီးအရှိန်ပြင်းလာစေအောင် လောင်စာထည့်ပေးလိုက်သလိုပဲ ဖြစ်ပါတယ်။ Reuters ရဲ့ သတင်းဖော်ပြချက်အရ အမေရိကန်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနက သူတို့ရဲ့ပို့ကုန်စည်းမျဉ်းကို ပြောင်းလဲနေတယ်လို့ သိရပါတယ်။

Semiconductor လို အမေရိကန်ဆော့ဖ်ဝဲလ်၊ နည်းပညာနဲ့ ပြုလုပ်တဲ့ထုတ်ကုန်တွေကို Huawei က ဝယ်ယူတာအတွက် မဟာဗျူဟာကျကျ ပစ်မှတ်ထားဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုကို အမေရိကန်ကုမ္ပဏီတွေက ဦးစွာ စတင်ကြမှာဖြစ်သလို အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကလည်း ဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နည်းပညာကုမ္ပဏီတွေကို Huawei ရဲ့ ရောင်းဝယ်ဖောက်ကားခွင့်ကန့်သတ်ထားပြီး ယာယီသက်တမ်းနဲ့ လိုင်စင်ထုတ်ပေးနေခဲ့တာလည်း ကာလအတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် Huawei ဟာ အမေရိကန်နည်းပညာကို နိုင်ငံခြားထုတ်လုပ်သူတွေကတစ်ဆင့် ပြန်လည်ဝယ်ယူပြီး အမေရိကန်ရဲ့ ပိတ်ပင်မှုကို ကျော်လွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အကယ်၍ စည်းမျဉ်းသစ်ထွက်လာခဲ့ရင် အမေရိကန်ပြင်ပကုမ္ပဏီတွေအနေနဲ့ Huawei ကို Chip တွေမထောက်ပံ့ခင်၊ အမေရိကန်ရဲ့ ခွင့်ပြုလိုင်စင်ကို လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ အမေရိကန်က Equipment တွေ၊ နည်းပညာတွေနဲ့လုပ်ထားတဲ့ Chip တွေကိုသုံးတဲ့ ကုမ္ပဏီတွေနဲ့ပဲ သက်ဆိုင်မယ်လို့ သိရပါတယ်။

ဒီလိုလုပ်လိုက်တာဟာ Huawei ကို ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ ဆိုနိုင်ပေမယ့် TSMC အပေါ်လည်း အကျိုးသက်ရောက်မှာ ရှိလာမှာ ဖြစ်ပါတယ်။ Huawei နဲ့ Honor ဖုန်းတွေအပြင် Huawei ရဲ့ Telecom Equipment တွေဟာ TSMC နဲ့မကင်းတဲ့အတွက် ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီကလည်း စည်းမျဉ်းသစ်ရဲ့အကျိုးသက်ရောက်မှုကို ရှေ့နေတွေနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Ref: GSM Arena