Galaxy Fold စတင်ချိန်တုန်းက Xiaomi ကလည်း Foldable စမတ်ဖုန်းကို ပြသခဲ့ဖူးပါတယ်။ နောက်တော့ Galaxy Fold နဲ့ Mate X တို့ ဈေးကွက်ထဲရောက်လာပေမယ့် Xiaomi ရဲ့ Foldable ဖုန်းကတော့ တိတ်ဆိတ်နေခဲ့ပါတော့တယ်။ မူပိုင်ခွင့် ဒီဇိုင်းတွေ အတော်များများတွေ့နေရတဲ့အတွက် ကုမ္ပဏီအနေနဲ့ Foldable ဈေးကွက်ကို ဝင်ရောက်မယ်ဆိုတာတော့ သံသယ ဖြစ်စရာမလိုဘူးလို့ ဆိုနိုင်ပါတယ်။

အခုလည်း စမတ်ဖုန်း Concept designer Waqar Khan ဟာ နည်းပညာဘလော့ဂ် WindowsUnited နဲ့ ပူးပေါင်းပြီး Xiaomi ရဲ့ Clamshell foldable ဖုန်း Render ကို ဖန်တီးနေပြီလို့ သိရပါတယ်။ လက်ရှိမြင်တွေ့နေရတဲ့ Render ဟာ ပြီးခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာတုန်းက ဒီဇိုင်းမူပိုင်ခွင့်တင်ခဲ့တာအပေါ် အခြေခံထားတာလည်း ဖြစ်ပါတယ်။

Clamshell ဒီဇိုင်းနဲ့ Device ဟာ အပြင်ဘက် မျက်နှာပြင်သေးငယ်ပြီး အချိန်နဲ့ Notification တွေ ပြဖို့လောက်ပဲ အသုံးပြုထားဟန် ရှိပါတယ်။ အတွင်းဘက်မျက်နှာပြင်ကတော့ အပြည့် ဆန့်ဖွင့်ထားချိန်မှာ ပုံမှန်စမတ်ဖုန်းတစ်လုံးရဲ့ အရွယ်အစားပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မတူညီတာက ဒီ Device ဟာ ခေါက်ချိုးပြီး သိမ်းလို့ရတာပဲ ဖြစ်ပါတယ်။ အားသာချက်က အလွယ်တကူ သိမ်းဆည်းနိုင်ပြီး flexible OLED မျက်နှာပြင်ကိုလည်း ကာကွယ်ပြီးသား ဖြစ်တာပါ။

ဘာပဲဖြစ်ဖြစ် Motorola Razr နဲ့ အခြေခံဒီဇိုင်းချင်း တူညီတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ Xiaomi ဟာ Clamshell ဒီဇိုင်းနဲ့ Foldable ဖုန်းကို ထုတ်လုပ်နိုင်ခြေဟာ အတော်လေးမြင့်မားတယ်လို့ သိရပါတယ်။ အထောက်အထားအနေနဲ့ Xiaomi ဟာ Samsung ဆီကနေ Clamshell အမျိုးအစား Flexible OLED display တွေကို မှာယူနေတယ်လို့လည်း ပူးတွဲဖော်ပြထားပါသေးတယ်။

BOE နဲ့ CSOT တို့က ထုတ်တဲ့ Foldable panel တွေဟာ Samsung Display ကထုတ်တာတွေထက် အရည်အသွေးနိမ့်တာကြောင့် Xaiomi အနေနဲ့ Samsung ဆီကပဲ ဝယ်ယူတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ Xiaomi ရဲ့ Clamshell Foldable စမတ်ဖုန်းတွေကို အလုံးလိုက်အရင်းလိုက် ထုတ်လုပ်လာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Ref: Gizmochina