OpenAI က သူတို့ရဲ့ အစွမ်းထက် AI မော်ဒယ်သစ် ChatGPT-5 ကို မိတ်ဆက်ပြီး နာရီပိုင်းအကြာမှာပဲ Apple က သူတို့ရဲ့ Apple Intelligence စနစ်မှာ အဲဒီမော်ဒယ်သစ်ကို ထည့်သွင်းအသုံးပြုတော့မယ့် သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိမှာ Apple Intelligence ဟာ GPT-4o မော်ဒယ်အဟောင်းကို အသုံးပြုနေတာ ဖြစ်ပါတယ်။
နည်းပညာသတင်းဝက်ဘ်ဆိုက် 9to5Mac ရဲ့ ဖော်ပြချက်အရ Apple ဟာ လာမယ့်လမှာ ဖြန့်ချိမယ့် iOS 26, iPadOS 26, နဲ့ macOS Tahoe 26 တို့ရဲ့ နောက်ဆုံးဗားရှင်းတွေမှာ ChatGPT-5 ကို ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီ OS အသစ်တွေရဲ့ ဖြန့်ချိမယ့်အချိန်ဟာ iPhone 17 မိသားစုကို တရားဝင်မိတ်ဆက်မယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် အဆင့်မြှင့်တင်ထားတဲ့ AI စွမ်းဆောင်ရည်တွေဟာ Apple ရဲ့ ထုတ်ကုန်သစ်တွေအတွက် အဓိကဆွဲဆောင်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
Apple Intelligence မှာ အသုံးပြုသူတွေဟာ Siri ကနေတစ်ဆင့် ChatGPT ကို တိုက်ရိုက်ခေါ်သုံးနိုင်ပါတယ်။ Siri က ကိုယ်တိုင်မဖြေရှင်းနိုင်တဲ့ ရှုပ်ထွေးတဲ့မေးခွန်းတွေအတွက် ChatGPT ရဲ့ အကူအညီကို ရယူပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် Apple Intelligence ရဲ့ Writing Tools တွေမှာ စာသားတွေဖန်တီးဖို့နဲ့ ကင်မရာကနေတစ်ဆင့် ပတ်ဝန်းကျင်ကအရာတွေအကြောင်း အချက်အလက်တွေ အမြန်ရှာဖွေနိုင်တဲ့ Visual Intelligence မှာလည်း ChatGPT ကို အသုံးပြုထားပါတယ်။
အခုလက်ရှိမှာ GPT-4o ကို သုံးနေတဲ့ ဒီလုပ်ဆောင်ချက်တွေအားလုံးဟာ လာမယ့် OS အသစ်တွေမှာ ChatGPT-5 ကို အသုံးပြုသွားမှာ ဖြစ်တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ အချိန်အကြာကြီး စောင့်စရာမလိုဘဲ ပိုမိုအစွမ်းထက်တဲ့ လုပ်ဆောင်ချက်တွေကို သုံးစွဲခွင့်ရတော့မှာ ဖြစ်ပါတယ်။ ChatGPT-5 ရဲ့ အဆင့်မြင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနဲ့ ဘက်စုံသုံးစနစ်တွေကြောင့် Siri ဟာ ပိုမိုတိကျတဲ့ အဖြေတွေပေးနိုင်မှာဖြစ်ပြီး Writing Tools တွေကလည်း ပိုမိုဖန်တီးနိုင်စွမ်း မြင့်မားလာမယ်လို့ မျှော်လင့်ရပါတယ်။
Ref : gsmarena