Meta ပိုင်ဆိုင်တဲ့ Threads လူမှုကွန်ရက်ကို ဥရောပမှာ အသုံးပြုလို့ရပါပြီ။ အတိအကျပြောရရင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၇ ခုမှာ အသုံးပြုနိုင်ပါပြီ။

Twitter (X) ရဲ့ ပြိုင်ဖက် Threads ကို ပြီးခဲ့တဲ့ နွေရာသီက ဗြိတိန်နဲ့ အမေရိကန်မှာ စတင် အသုံးပြုနိုင်ခဲ့ပြီး ပထမဆုံး အပတ်မှာတင် သုံးစွဲသူ သန်း ၁၀၀ က မှတ်ပုံတင်ခဲ့ပါတယ်။

Threads.net ကနေ အသုံးပြုနိုင်ပြီး စမတ်ဖုန်းမှာ Threads App ကို Google Play နဲ့ App Store ကနေ အင်စတောလုပ်လို့ရပါတယ်။

Threads ဟာ Instagram နဲ့ ချည်နှောင်ထားပြီး Instagram အကောင့် မရှိရင် Threads မှာ ပို့စ်တင်လို့ မရပါဘူး။ App ၂ ခုစလုံးဟာ ကြီးမားစွာ ပေါင်းစပ်ထားပြီး Thread ၁ ခုကို Story အနေနဲ့ မျှဝေနိုင်၊ Direct Message အနေနဲ့ ပေးပို့နိုင်သလို Instagram မှာ ပို့စ်တင်နိုင်ပါတယ်။

Threads ရဲ့ အလုပ်လုပ်ပုံဟာ X နဲ့ ဆင်တူပြီး User ၁ ယောက်ဟာ ပို့စ်တင်နိုင်၊ သူငယ်ချင်းတွေနဲ့ မျှဝေနိုင်၊ Message ပေးပို့နိုင်ပါတယ်။ ပို့စ်များစွာကို ပေါင်းစည်းကာ Thread ၁ ခု အနေနဲ့ မျှဝေနိုင်ပါတယ်။

Threads ဟာ Elon Musk ရဲ့ Twitter (X) ကို တိုက်ရိုက် ယှဉ်ပြိုင်ဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ X နဲ့ Threads တို့ရဲ့ ယှဉ်ပြိုင်မှုဟာ ဘယ်လို ဖြစ်လာမလဲ ဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပါ။

Ref : gsmarena