Dota 2 ရဲ့ နှစ်ပတ်လည် The Internationals ပြိုင်ပွဲဟာ အခုနှစ်မှာ ဆယ်ခုမြောက် ပြိုင်ပွဲ Ti10 ကို ကျင်းပဖို့ ဖြစ်ပေမယ့် ကိုဗစ်ပြဿနာကြောင့် နောက်နှစ်ထိ ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့် တစ်နှစ်မှတစ်ခါသာ ထုတ်ပေးတဲ့ Dota 2 Battle Pass ကိုတော့ မူရင်းအစီအစဉ်အတိုင်း ရောင်းချခဲ့ပြီး ရောင်းချငွေထဲက လေးပုံတစ်ပုံကို Ti10 ဆုကြေးငွေထဲ ထည့်ပေးခဲ့ပါတယ်။

ယနေ့မှာတော့ Ti10 ရဲ့ စုစုပေါင်းဆုကြေးငွေဟာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်သွားပြီဖြစ်တဲ့အတွက် Esports သမိုင်းတလျှောက် ကျင်းပဖူးသမျှထဲမှာ ဒုတိယဆုကြေးငွေအများဆုံးနေရာကို ၂၀၁၉ ခုနှစ် Fortnite ကမ္ဘာ့ချန်ပီယံရှစ်အား ဖြုတ်ချပြီး တက်ရောက်သွားခဲ့ပါတယ်။

ပထမနေရာမှာ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ Dota 2 Ti9 ပြိုင်ပွဲသာ ရှိတော့တာဖြစ်ပြီး Ti9 ရဲ့ စုစုပေါင်း ဆုကြေးငွေဟာ ဒေါ်လာ ၃၄ သန်းကျော်ဖြစ်တာကြောင့် Battle Pass သက်တမ်း တစ်လကျော်လောက် ကျန်သေးတဲ့အချိန်မှာ ဒါကို ထပ်ကျော်ဖြတ်နိုင်ဖို့ အခြေအနေကောင်းလျက်ရှိပါတယ်။

 

 

 

Image Credit – AFKGaming

Valve ဟာ သူတို့ရဲ့ Steam အွန်လိုင်းပလက်ဖောင်းပေါ်မှာ ဆော့ကစားရတဲ့ Dota 2 ဂိမ်းကို ၂၀၁၁ ခုနှစ်က မိတ်ဆက်ခဲ့ပြီး Ti1 အဖြစ် ဒေါ်လာတစ်သန်း ဆုကြေးကနေ စတင်ယှဉ်ပြိုင်စေခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ကိုးနှစ်ဆက်တိုက် Ti ပြိုင်ပွဲတိုင်းဟာ ရှေ့နှစ်က ပြိုင်ပွဲထက် အမြဲတမ်း ဆုကြေးငွေ ပိုများပြီး နှစ်စဉ် ဆုကြေးငွေအများဆုံး Esports ပြိုင်ပွဲ သရဖူကို ယူလာတာ ဆယ်စုနှစ်တစ်ဝက်မကတော့ပါဘူး။

Ref – AFKGaming