လေယာဉ်မှူးလိုင်စင် မလိုဘဲ မောင်းနှင်နိုင်မယ့် တစ်ယောက်စီး လျှပ်စစ်လေယာဉ် (eVTOL) ဖြစ်တဲ့ The LEO Solo ကို အခုအချိန်မှာ ကြိုတင်မှာယူနိုင်ပါပြီ။ ဒီလေယာဉ်ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ဖို့ လျာထားပြီး Part 103 စည်းမျဉ်းနဲ့အညီ လိုင်စင်မရှိဘဲ မောင်းနှင်ခွင့်ရမယ့် လေယာဉ်အမျိုးအစားလည်း ဖြစ်ပါတယ်။

LEO Flight Corp ကုမ္ပဏီကို တည်ထောင်ထားသူတွေကတော့ လျှပ်စစ်ဂျက်တွန်းကန်အားစနစ်တွေ တီထွင်ဖန်တီးလေ့ရှိတဲ့ Pete Bitar နဲ့ Mazda ဒီဇိုင်နာဟောင်း Carlos Salaff တို့ပဲ ဖြစ်ပါတယ်။ နည်းပညာပိုင်းကို Pete Bitar က တာဝန်ယူထားပြီး ဒီဇိုင်းပိုင်းကိုတော့ Carlos Salaff က တာဝန်ယူထားတာကြောင့် သာမန် ပျံသန်းရေးယာဉ်တွေလိုမဟုတ်ဘဲ ခေတ်မီလှပတဲ့ ပုံစံမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းမှာတော့ လျှပ်စစ်ပန်ကာ ၄၈ လုံးကို တပ်ဆင်ထားပြီး ဘေးကင်းလုံခြုံမှုရှိအောင် ဖန်တီးထားပါတယ်။ တစ်ခါအားသွင်းရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ မောင်းနှင်နိုင်မှာဖြစ်ပြီး အမြန်ဆုံး တစ်နာရီ မိုင် ၆၀ နှုန်းနဲ့ အမြင့်ပေ ၁၅ ပေအထိ ပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။ စွမ်းအင်အတွက် Solid-state battery ကို အသုံးပြုမယ်လို့ ကြေညာထားပေမယ့် လက်ရှိနည်းပညာ အနေအထားအရ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း အမီထုတ်လုပ်ဖို့ကတော့ စိန်ခေါ်မှုတွေ ရှိနေနိုင်ပါတယ်။

လက်ရှိမှာတော့ အဲဒီ LEO Solo အတွက် စရန်ငွေ အမေရိကန်ဒေါ်လာ ၉၉၉ ဒေါ်လာနဲ့ ကြိုတင်စာရင်းသွင်းနိုင်ပါပြီ။ ကုမ္ပဏီဘက်က ရှေ့ပြေးပုံစံ (Prototype) ကို လူကိုယ်တိုင် စမ်းသပ်မောင်းနှင်နေတဲ့ ဗီဒီယိုမှတ်တမ်းတချို့ကို ထုတ်ပြထားပြီး တည်ငြိမ်မှုရှိတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လက်တွေ့ထုတ်လုပ်မယ့် ပုံစံအစစ်ထွက်လာဖို့နဲ့ Solid-state battery နည်းပညာ အဆင်သင့်ဖြစ်ဖို့ကတော့ အချိန်နည်းနည်း ထပ်စောင့်ရနိုင်ခြေ ရှိပါတယ်။

Ref : newatlas