အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း ၁ သိန်း ၂ သောင်းကျော်ကို အွန်လိုင်းစီးပွားရေးအသွင် ကူးပြောင်းဖို့နဲ့ ဒီဂျစ်တယ်စီးပွားရေးမှာ ပါဝင်လာစေဖို့ ရည်ရွယ်ပြီး TikTok ဟာ အမေရိကန်ဒေါ်လာ ၁၂.၂ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်လိုက်ပါတယ်။

အဆိုပါရင်းနှီးမြှုပ်နှံမှုမှာ ကျေးလက်နဲ့ ဆင်ခြေဖုံးဒေသက အသေးစားစီးပွားရေးလုပ်ငန်းတွေအပါအဝင် SMB တွေအတွက် ငွေသားနဲ့ ထောက်ပံ့မှု၊ ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းနဲ့ Advertising Cridit တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

TikTok ရဲ့ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ အကြောင်းအရာဖန်တီးသူတွေ (Content Creators) တွေအတွက် တန်ဖိုးရှိတဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ဆက်လက်ပြီးမြင့်တက်လိုရင်းပဲ ဖြစ်ပါတယ်။

ဒေသဆိုင်ရာ စစ်တမ်းပြုစုမှုအသစ်အရ SMB တွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို TikTok ကတစ်ဆင့် ရောင်းချခြင်းအားဖြင့် ဝင်ငွေ ၅၀% နီးပါး တိုးတက်လာခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

လုပ်ငန်း ၅ ခုမှာ ၄ ခုနီးပါး (၇၉%)က ဒီပလက်ဖောင်းကို အသုံးပြုပြီး Offline ကနေ Online Marketing Channel အသွင် ကူးပြောင်းလာခဲ့တယ်လို့လည်း သိရပါတယ်။ TikTok ပေါ်က အကြောင်းအရာဖန်တီးသူ ၈၀%ကျော်ဟာ TikTok LIVE နဲ့ Brand Sponsorship စတဲ့ နည်းလမ်းတွေအသုံးပြုပြီး ဝင်ငွေတိုးအောင် ပြုလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

TikTok အမှုဆောင်အရာရှိချုပ် Shou Chew က “အရှေ့တောင်အာရှတစ်ဝန်းမှာ လစဉ် TikTok ကို လူပေါင်း ၃၂၅ သန်းကျော် အသုံးပြုကြပြီး လုပ်ငန်းပေါင်း ၁၅ သန်းက ဒီ Platform ကိုပဲ အသုံးပြုကြပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေ၊ ပညာရေးနဲ့ လူမှုအသိုင်းအဝိုင်း တည်ဆောက်ရေးအပိုင်းတွေကို ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝန်း တိုးချဲ့ဖန်တီးရာမှာ ကျွန်တော်တို့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍက တကယ်ပဲ ကြီးမားပါတယ်။ TikTok ရဲ့ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကို မြင်တွေ့ရတဲ့အတွက် စိတ်လှုပ်ရှားနေပြီး လူတစ်ဦးချင်း၊ လူမှုအသိုင်းအဝိုင်းနဲ့ လုပ်ငန်းတွေကို ကြီးထွားပြီး တိုးတက်အောင် ကူညီပေးတဲ့ အစီအစဥ်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ကတိကဝတ်ပြုထားပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

Source: TikTok