လူငယ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်နေတဲ့ TikTok ဟာ Privacy နဲ့ ပတ်သက်ပြီး ဝေဖန်ခံရလေ့ရှိတဲ့ ပလက်ဖောင်းတစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်အများစုက သုံးစွဲကြတာဖြစ်တဲ့အတွက် ကလေးသူငယ်ဆိုင်ရာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ပတ်သက်လာရင် ပြဿနာတွေ အများကြီး ရှိနေတာလည်း ဖြစ်ပါတယ်။

Reuters ရဲ့ အဆိုအရ United Kingdom ဟာ TikTok ကို ပေါင် ၂၇ သန်း အထိ ဒဏ်ကြေးသတ်မှတ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ TikTok ဟာ ယူကေရဲ့ ဒေတာကာကွယ်ရေးဥပဒေတွေကို ချိုးဖောက်ခြင်းဖြစ်နိုင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် TikTok ဟာ ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

TikTok ဟာ မှန်ကန်တဲ့ မိဘခွင့်ပြုချက်မရှိဘဲ အသက် ၁၃ နှစ်အောက်ကလေးတွေရဲ့ အချက်အလက်တွေကို စီမံဆောင်ရွက်ထားကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ သုံးစွဲသူတွေကို သင့်လျော်တဲ့ သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာစွာပေးဆောင်ဖို့ ပျက်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကြေညာချက်တစ်ခုမှာတော့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အချက်အလက်ကော်မရှင်နာရုံး (ICO) က TikTok နဲ့ TikTok Information Technology UK Ltd ကို ရည်ညွှန်းတဲ့ သတိပေးချက် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ TikTok ဘက်ကတော့ “ယူကေအတွင်း အချက်အလက်ကာကွယ်တဲ့နေရာမှာ ICO တွေရဲ့ အခန်းကဏ္ဍ ကို လေးစားပေမဲ့ ကနဦးအမြင်တွေနဲ့ အချက်အချို့ကို သဘောမတူပါဘူး” လို့ ပြန်လည် တုံ့ပြန်ထားတာကို တွေ့ရပါတယ်။

ICO ရဲ့ ကနဦးနဲ့ ယာယီအမြင်က TikTok ဟာ ၂၀၁၈ ခုနှစ် မေလကနေ ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း ယူကေဒေတာကာကွယ်ရေး ဥပဒေတွေကို ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လမှာ U.S Senate Commerce Committee က ကလေးတွေကို အထူးအွန်လိုင်းကာကွယ်ရေးအဖြစ် အသက် ၁၆ နှစ်အထိ တိုးမြှင့်မဲ့ အတိုင်းအတာကို မဲပေးခဲ့ပါတယ်။ TikTok နဲ့ Snapchat တို့လိုမျိုး ကုမ္ပဏီအချို့ရဲ့ ခွင့်ပြုချက်မရှိဘဲ ကလေးတွေကို ပစ်မှတ်ထားခြင်းမျိုးကို တားမြစ်တာပဲ ဖြစ်ပါတယ်။

Ref: Gizchina