ဂျပန်အခြေစိုက် နည်းပညာကုမ္ပဏီကြီး Toshiba ဟာ တစ်ကိုယ်ရေသုံး ကွန်ပြူတာ (PC) စျေးကွက်မှာ နှစ်ပေါင်း ၃၅ နှစ်နီးပါး ရှင်သန်ခဲ့ပေမယ့် ယခုတော့ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကုမ္ပဏီကြီးဟာ သူတို့ရဲ့ Dynabook laptop အမှတ်တံဆိပ်မှာ ပိုင်ဆိုင်နေသေးတဲ့ ရှယ်ယာ 19.9% ကိုပါ အခြား ဂျပန်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Sharp ကို ရောင်းချလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း သူတို့ရဲ့ PC ထုတ်လုပ်မှုဆိုင်ရာ ရှယ်ယာ 80.1% ကို Sharp ကုမ္ပဏီသို့ပဲ ဒေါ်လာ ၃၆ သန်းနဲ့ ရောင်းချခဲ့ပါသေးတယ်။ Sharp က ဒါကို ဝယ်ယူပြီးနောက်မှာ Dynabook လို့ အမည်ပြောင်းခဲ့တာဖြစ်ပြီး ဇွန်လမှာ ကျန်သေးတဲ့ ရှယ်ယာကို ဝယ်ယူဖို့ ထပ်မံကြိုးစားခဲ့ကာ အခု ဩဂုတ်လမှာ အပြီးသတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

Toshiba ဟာ ကွန်ပြူတာထုတ်လုပ်မှုနယ်ပယ်မှာ နိုင်ငံတကာစျေးကွက်ထိ ဝင်ဆံ့ခဲ့သူဖြစ်ပြီး ၁၉၈၀ ခုနှစ်က ခရီးဆောင်ကွန်ပြူတာတွေကို စတင်ထုတ်လုပ်ရောင်းချနိုင်ခဲ့တဲ့ အမှတ်တံဆိပ် အနည်းငယ်ထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ တဖြေးဖြေး ကျရိပ်ပြလာတဲ့ ကွန်ပြူတာ စျေးကွက်နဲ့အတူ ကုမ္ပဏီဟာ ရှင်သန်ဖို့ ခက်ခဲလာခဲ့ပြီး HP နဲ့ Dell တို့လို ပြိုင်ဘက်တွေကလည်း ယှဉ်ပြိုင်မှု ပိုပြင်းထန်လာစေခဲ့ပါတယ်။

တစ်ချိန်က ခရီးဆောင်ကွန်ပြူတာ စျေးကွက်ကို ချုပ်ကိုင်ထားသူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပေမယ့် Toshiba ရဲ့ စျေးကွက်ရှယ်ယာဟာ သိသိသာသာ ကျဆင်းလာခဲ့ကာ ၂၀၁၁ ခုနှစ်မှာ ကွန်ပြူတာ အလုံးရေ ၁၇.၇ သန်းထိ ရောင်းချခဲ့ရသော်လည်း ၂၀၁၇ ခုနှစ်မှာတော့ ၁.၄ သန်းသာ ရောင်းချခဲ့ရပါတယ်။

အစီရင်ခံစာတွေအရ HP အမှတ်တံဆိပ်ဟာ အမေရိကန် ကွန်ပြူတာစျေးကွက်ကို 33% နဲ့ ဦးဆောင်နေပြီး သူ့နောက်က Dell ဟာ 26% နဲ့ လိုက်နေပါတယ်။ ကမ္ဘာ့စျေးကွက်မှာတော့ Q2 2020 ကာလမှာ Lenovo က 25% နဲ့ ဦးဆောင်နေပြီး HP က 24.9% နဲ့ ဒုတိယ လိုက်နေတယ်လို့ ဆိုပါတယ်။

Ref – GizmoChina