သင်နေ့စဉ်အသုံးပြုနေတဲ့ အိမ်သာက သင့်ရဲ့ မိသားစုကျန်းမာရေးဆရာဝန်တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုရင်ရော။ ဒါဟာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုလို ထင်ရပေမယ့် ဂျပန်နိုင်ငံရဲ့ နာမည်ကျော် အိမ်သာသုံးပစ္စည်းကုမ္ပဏီကြီး TOTO က အဲဒီအိပ်မက်ကို လက်တွေ့အဖြစ် ဖန်တီးလိုက်ပါပြီ။
ကမ္ဘာကျော် “Washlet” လို အဆင့်မြင့်အိမ်သာတွေနဲ့ လူသိများတဲ့ TOTO ကုမ္ပဏီဟာ အခုတစ်ခါမှာတော့ ရေချိုးခန်းရဲ့ အခန်းကဏ္ဍကို တစ်ဆင့်မြှင့်တင်ပြီး လူ့ရဲ့ကျန်းမာရေးကို စောင့်ကြည့်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်အိမ်သာကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။
ဘယ်လိုအလုပ်လုပ်သလဲ
ဒီစမတ်အိမ်သာရဲ့ အဓိကနည်းပညာကတော့ သူ့မှာ တပ်ဆင်ထားတဲ့ အလွန်တိကျတဲ့ optical sensor တွေပါပဲ။ အဲဒီ sensor တွေက သင်စွန့်လိုက်တဲ့ မစင်ရဲ့ ပုံသဏ္ဌာန်၊ အရောင်၊ မာကြောမှုအတိုင်းအတာနဲ့ ထုထည်ပမာဏတို့ကို အလိုအလျောက် စစ်ဆေးတိုင်းတာပေးပါတယ်။
ရရှိလာတဲ့ အချက်အလက်တွေကို သင့်ရဲ့စမတ်ဖုန်းထဲက သီးသန့် application တစ်ခုဆီကို ချက်ချင်းပေးပို့ပါတယ်။ အဲဒီ app ကနေတစ်ဆင့် သင့်ရဲ့ အစာခြေစနစ်ကျန်းမာရေး အခြေအနေကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ် မှတ်တမ်းတင်ပေးထားမှာပါ။ ဒီအချက်အလက်တွေကို အခြေခံပြီး app က သင့်အတွက် အသင့်တော်ဆုံး အစားအသောက်ပုံစံ၊ နေထိုင်မှုပုံစံတွေကို အကြံပြုပေးမှာဖြစ်သလို၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ အာဟာရမညီမျှခြင်းနဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေကို စောစောစီးစီး သိရှိနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။
ဘာကြောင့် အရေးကြီးသလဲ
ဒီနည်းပညာရဲ့ အကြီးမားဆုံးတန်ဖိုးကတော့ ရောဂါဖြစ်မှ ဆေးကုသရတဲ့ အခြေအနေကနေ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တဲ့ “Preventive Healthcare” ကို လူတိုင်းရဲ့ အိမ်ထဲအရောက် ယူဆောင်လာပေးနိုင်တာပါပဲ။ ဒါဟာ အိမ်သာတစ်ခုရဲ့ သမားရိုးကျအသုံးဝင်မှုကို ကျော်လွန်ပြီး နေ့စဉ်သုံးပစ္စည်းတစ်ခုကနေ အသက်ကယ်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိရိယာတစ်ခုအဖြစ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။
ဈေးနှုန်းနှင့် ဖြန့်ချိမည့်အချိန်
ဒီထူးခြားဆန်းသစ်တဲ့ စမတ်အိမ်သာတွေကို အမေရိကန်ဒေါ်လာ $3,000 ကနေ $3,300 ကြား ဈေးနှုန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာ ဂျပန်နိုင်ငံ မှာ စတင်ဖြန့်ချိသွားမယ်လို့ TOTO ကုမ္ပဏီက ကြေညာထားပါတယ်။
Ref : Tech Viral