အီလွတ်မတ်စ် ဟာ အစိုးရဌာနများဆိုင်ရာ လုပ်ငန်းထိရောက်မှု ဦးစီးဌာန (DOGE) မှာ ၄ လကြာ တာဝန်ထမ်းဆောင်ပြီး မေလ ၃၀ ရက်နေ့မှာ သက်တမ်းကုန်သွားပါပြီ။ အဲဒီအတွက် ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ အီလွန်မတ်စ် အတွက် နှုတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘီလျံနာ အီလွန်မတ်စ်ဟာ သူ့ရဲ့ အနီးကပ်အကြံပေးအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း မေလ ၃၀ ရက်နေ့က ပြောကြားလိုက်ပါတယ်ခင်ဗျာ။ သမ္မတရုံးခန်းမှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်းမှာ မစ္စတာထရမ့်က DOGE နဲ့ပတ်သက်လို့ အီလွန်မတ်စ်ရဲ့ ကြိုးပမ်းမှုတွေကို ချီးကျူးပြောကြားခဲ့ပါတယ်ခင်ဗျာ။ DOGE အဖွဲ့ဟာ အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီအများစု အပါအဝင် အလုပ်အကိုင် ထောင်ပေါင်းများစွာနဲ့ အသုံးစရိတ် ဘီလီယံများစွာကို ဖျက်သိမ်းနိုင်ခဲ့ပါတယ်ခင်ဗျာ။ ဒါပေမဲ့ မစ္စတာထရမ့်က “အီလွန် တကယ်တမ်း ထွက်သွားတာမဟုတ်ပါဘူး၊ သူက အမြဲတမ်း အဝင်အထွက်ရှိနေမှာပါ” လို့ ပြောဆိုခဲ့ပါတယ်ခင်ဗျာ။
ဒီသတင်းစာရှင်းလင်းပွဲဟာ မစ္စတာထရမ့်ရဲ့ အခွန်နဲ့အသုံးစရိတ် ဥပဒေကြမ်းကို အီလွန်မတ်စ်က ဝေဖန်ခဲ့ပြီးနောက် အိမ်ဖြူတော်အရာရှိတချို့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာကြောင့် စည်းလုံးမှုပြသဖို့ ရည်ရွယ်ပုံရပါတယ်ခင်ဗျာ။ အခမ်းအနားမှာ သမ္မတထရမ့်က အီလွန်မတ်စ်ကို အလွန်ထူးခြားတဲ့ လက်ဆောင်အဖြစ် ရွှေရောင်သော့ကြီးတစ်ချောင်း ချီးမြှင့်ခဲ့ပါတယ်။
အထူးအစိုးရဝန်ထမ်းအဖြစ် အီလွန်မတ်စ်ရဲ့ ရက်ပေါင်း ၁၃၀ သက်တမ်းဟာ မေလ ၃၀ ရက်နေ့မှာ ကုန်ဆုံးသွားတာ ဖြစ်ပါတယ်။ အီလွန်မတ်စ်က သူ့ရဲ့ Tesla နဲ့ SpaceX လုပ်ငန်းတွေအပေါ် ပြန်အာရုံစိုက်ဖို့အပြင် ၂၀၂၄ ခုနှစ်က များပြားလှတဲ့ သူ့ရဲ့နိုင်ငံရေးအလှူငွေတွေကိုလည်း လျှော့ချဖို့ ရည်ရွယ်ထားပါတယ်ခင်ဗျာ။
Ref : cna