ယခင် အမေရိကန် သမ္မတဟောင်း Donald Trump ရဲ့ မီဒီယာ ကုမ္ပဏီအသစ်က Truth Social လူမှုကွန်ရက် App ကို အမေရိကန်က iOS App Store မှာ ဖြန့်ချိပေးလိုက်ပါပြီ။ App ကို Presidents Day မတိုင်ခင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စတင် Download လုပ်နိုင်ခဲ့ပါတယ်။

Trump နှစ်သက်ခဲ့တဲ့ လူမှုကွန်ရက် ပလက်ဖောင်း Twitter ကို အများကြီး အခြေပြုကာ Truth Social App ကို ဖန်တီးထားပုံရပါတယ်။ Twitter က Trump ဟာ အမေရိကန် လွှတ်တော်ကို အကြမ်းဖက် ဝင်ရောက်စီးနင်းအောင် သွေးထိုးလှုံ့ဆော်ပေးတယ်လို့ဆိုကာ ၂၀၂၁ ခုနှစ် အစောပိုင်းမှာ Ban ခဲ့တာပါ။

Truth Social မှာ ပို့စ်တွေကို “Truths” လို့ ခေါ်ပြီး “Truth Feed” မှာ ပြသပေးထားပါတယ်။ သင့် Follower တွေနဲ့ “Truth” ကို မျှဝေချင်ရင် “ReTruth” ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Truth Social အတွက် ဖန်တီးနေတဲ့ တခြား လုပ်ဆောင်ချက်တွေထဲမှာ တိုက်ရိုက် စာပေးပို့တာ၊ User Verification ပြုလုပ်တာတွေ ပါတယ်လို့ Truth Social ရဲ့ အကြီးတန်း ထုတ်ကုန် အရာရှိက ပြောပါတယ်။

Truth Social ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက Beta အဆင့်ကို ရောက်နေပြီး လူ ၅၀၀ ဝန်းကျင် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ သမ္မတဟောင်း ပိုင်တဲ့ Trump Media and Technology Group (TMTG) က တည်ထောင်ထားတာ ဖြစ်ပြီး Truth Social ကို ဦးဆောင် မောင်းနှင်နေတဲ့ Devin Nunes က မတ်လကုန်မှာ Truth Social ကို လုပ်ဆောင်ချက် အပြည့်အစုံနဲ့ အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။

Android အတွက် Truth Social App ကို ဖြန့်ချိပေးမယ့် အချိန်ကို မသိရသေးပေမယ့် Truth Social Website မှာ မကြာခင် Google Play Store ကို ရောက်လာတော့မယ်လို့ သတင်းပေးထားပါတယ်။

Ref : theverge