အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေထဲမှာ Semiconductor ကုမ္ပဏီတွေပါဝင်သွားတာက Huawei အတွက် အတော်လေးကို အခက်တွေ့သွားစေခဲ့တာပါ။ အထူးသဖြင့် လာမယ့် Flagship တွေအတွက် Chip တွေ ပြတ်တောက်သွားရတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဖက်ကြည့်ပြန်ရင်လည်း Huawei တစ်ခုတည်း အခက်တွေ့တာတော့မဟုတ်ပါဘူး။ Semiconductor ကုမ္ပဏီတွေလည်း အနည်းနဲ့ အများတော့ ထိခိုက်မှုရှိလာတာကို တွေ့နိုင်ပါတယ်။ ထိုင်ဝမ်အခြေစိုက် Semiconductor ကုမ္ပဏီကြီး TSMC ကတော့ Huawei ဆီ Chip တွေ ပြန်လည်ရောင်းချဖို့အတွက် ခွင့်ပြုလိုင်စင်တင်ထားတယ်လို့ သိရပါတယ်။

TSMC အနေနဲ့ ခွင့်ပြုလိုင်စင်တောင်းရာမှာ ရိုးရိုးရှင်းရှင်းတင်ထားတာတော့ မဟုတ်ပါဘူး။ မလိမ့်တပတ်လေးတွေတော့ ပါဝင်နေတယ်လို့ sina.com နဲ့ Phone Arena တို့က ရေးသားဖော်ပြခဲ့ကြပါတယ်။ လိုင်စင်ဟာ Mature process node တွေကိုပဲ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ TSMC ရဲ့ မိုလ်ဘိုင်း Chip တွေထုတ်လုပ်ဖို့အတွက် အသုံးပြုနေတဲ့ နောက်ဆုံးပေါ်တီထွင်မှုတွေ မပါဝင်ဘူးလို့ ဆိုတာပါ။

Mature ဟာ တနည်းအားဖြင့် သက်တမ်းရင့်တာ၊ အိုဟောင်းတဲ့ အတိတ်က အကြောင်းအရာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါကြောင့် Old process node တွေဆိုရင် 28nm ဒါမှမဟုတ် သူ့နဲ့အထက် Process node တွေလို့ပဲ ဆိုရမှာပါ။ ဒီသတင်းကအမှန်ဆိုရင်တော့ အံ့အားသင့်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုခေတ်သုံးနေတဲ့ Chip အများစုက 10nm, 7nm, 5nm စတာတွေပဲ ဖြစ်ပါတယ်။

ဒီတော့ Mature process node တွေနဲ့ ဘာလုပ်မှာလဲဆိုတဲ့မေးခွန်းနောက်မှာ လှည့်ကွက်တစ်ခုခုတော့ ရှိနေမယ်လို့ ဆိုရပါလိမ့်မယ်။ အခုအချိန်ထိတော့ Huawei အနေနဲ့ သူတို့ရဲ့ အခက်အခဲကို ဘယ်လိုကျော်လွှားမယ်ဆိုတာ မသိရသေးသလို၊ Semiconductor ကုမ္ပဏီကြီးတွေကလည်း ဘာဆက်လုပ်ကြမလဲဆိုတာ တိတိပပ မသိရသေးပါဘူး။ ဒါကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုပဲ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Ref: Gizmochina