Meta ကနေ ပိုင်ဆိုင်တဲ့ Instagram ဟာ လက်ရှိအချိန်မှာ ဓါတ်ပုံနဲ့ Short Video တွေကို အဓိကထားတဲ့ Social Media Platform တစ်ခုဖြစ်နေပြီဖြစ်ပါတယ်။ အခုလည်း Meta ကုမ္ပဏီဟာ Instagram အောက်ကနေ နောက်ထပ် Social Media အသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ Social Media အသစ်အတွက် နာမည်ကိုတော့ Codename အနေနဲ့ P92 သို့မဟုတ် Project 92 လို့ ပေးထားတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ အဆိုပါ Project ကို “Instagram for your thoughts” လို့ အမည်ပေးထားပြီး ဓါတ်ပုံတွေ၊ ဗီဒီယိုတွေအစား Twitter လိုမျိုး စာတွေတင်ဖို့ကိုပဲ အဓိက ဦးစားပေးထားမယ့်ပုံစံပါပဲ။

လောလောဆယ်မှာ ပေါက်ကြားလာတဲ့အတွင်းသတင်းတွေအရ အဆိုပါ P92 Social Media အသစ်ကို Instagram Account ဖြင့် အလွယ်တကူဝင်ရောက်အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Instagram Account ရဲ့ Handle ၊ Bio နဲ့ Verification တွေကိုပါ ဆက်လက်အသုံးပြုနိုင်ဦးမှာပါ။

ဒါ့အပြင် Post တင်တဲ့အချိန်မှာလည်း စကားလုံးပေါင်း ၅၀၀ အထိ အသုံးပြုနိုင်သလို Link တွေ၊ ဓါတ်ပုံတွေနဲ့ ၅ မိနစ်အထိ ကြာမြင့်တဲ့ ဗီဒီယိုတွေကိုပါ Upload ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ တစ်ခုရှိတာက လက်ရှိ Instagram ဟာ ဓါတ်ပုံနဲ့ ဗီဒီယိုအသုံးပြုသူတွေ ပိုမိုများပြားတာကြောင့် အခု Social Media အသစ်က အောင်မြင်လာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China