Twitter ရဲ့ Checkmark program ဟာ လာမဲ့ သောကြာနေ့၊ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာမှာဖြစ်တယ်လို့ Elon Musk က ပြောပါတယ်။ အယောင်ဆောင်ခြင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် တစ်ဦးချင်းစီရဲ့ အထောက်အထားတွေကို အတည်ပြုဖို့ လုပ်ထုံးလုပ်နည်း အသစ်တစ်ခုနဲ့အတူ ပြန်လည်စတင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Manual authentication process ကို လုပ်ဆောင်ရခြင်းဟာ “နာကျင်ပေမဲ့ လိုအပ်တဲ့အရာတစ်ခု” လိုပဲဖြစ်တယ်လို့ Musk က ပြောပါတယ်။ စစ်ဆေးပြီးအချက်အလက်တွေအရ ကုမ္ပဏီတွေအတွက် ရွှေရောင်၊ အစိုးရအတွက် မီးခိုးရောင်၊ ပုဂ္ဂလိကဆိုင်ရာအကောင့်တွေအတွက်တော့ မူလပထမ အပြာရောင် အမှတ်အသားတွေ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ကနဦးက ထွက်ပေါ်လာတဲ့အတိုင်း အထောက်အထားတွေကို အမှန်တကယ်စစ်ဆေးခြင်းမရှိဘဲ ၈ ဒေါ်လာနဲ့ လစဉ်ကြေးကောက်ပြီး ခွင့်ပြုမယ်ဆိုတာဟာ သိပ်ပြီးတော့ ကောင်းတဲ့စိတ်ကူးစိတ်သန်းတော့ မဟုတ်ပါဘူး။ Musk ဟာ Twitter က ပိုင်ဆိုင်ထားတဲ့ ယုံကြည်မှုနဲ့ ဘေးကင်းလုံခြုံမှုဝန်ထမ်းတွေရဲ့ သတိပေးချက်ကို လျစ်လျူရှုပြီး အခပေး Blue subscriptions တွေလုပ်လိုက်တာနဲ့ ထင်ရှားလူသိများတဲ့ ပုဂ္ဂိုလ်တွေ၊ အမှတ်တံဆိပ်တွေအယောင်ဆောင်ထားတာတွေ လျင်မြန်စွာပေါ်ပေါက်လာပါတယ်။

Musk ကတော့ သိသာထင်ရှားတဲ့ အယောင်ဆောင်မှုတွေထပ်မဖြစ်တော့တာမသေချာမချင်း ကုမ္ပဏီဟာ Twitter Blue ကို ပြန်ပြီးစတင်မှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ မကြာသေးခင်ကလည်း Twitter ဟာ မတူညီတဲ့ အရောင်တွေနဲ့ Checkmark တွေကို အသုံးပြုပြီး တစ်သီးပုဂ္ဂလနဲ့ အဖွဲ့အစည်းတွေကို ခွဲခြားသွားမယ်လို့ Musk က ပြောခဲ့ဖူးပါသေးတယ်။

လာမဲ့ ရက်သတ္တပတ်မှာတော့ ဒီ Color Check တွေအပါအဝင် အရာအားလုံးဟာ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ပိုပြီးပြည့်ပြည့်စုံစုံ ရှင်းလင်းပြောဆိုပေးမယ်လို့လည်း ဆိုထားပါသေးတယ်။

Ref: The Verge