သိပ္ပံရုပ်ရှင်တွေထဲကလို စစ်တိုက်တဲ့ စက်ရုပ်တွေဟာ အခုဆိုရင် တကယ့်လက်တွေ့စစ်မြေပြင်ကို ရောက်လာပါတယ်။ အမေရိကန် စတက်အပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Foundation ဟာ သူတို့ရဲ့ Phantom MK-1 လူရုပ်စက်ရုပ် နှစ်ရုပ်ကို စစ်မြေပြင်မှာ လက်တွေ့စမ်းသပ်မှုတွေ လုပ်ဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပဲ ယူကရိန်းဆီကို ပေးပို့လိုက်တယ်။

အခုဆိုရင် အဲဒီစက်ရုပ်တွေကို ရှေ့တန်းစစ်မျက်နှာပြင်အနီးမှာ ကင်းထောက်လုပ်ငန်းတွေအတွက် အသုံးပြုနေပြီး တကယ့်တိုက်ပွဲ အခြေအနေတွေအောက်မှာ စွမ်းဆောင်ရည် ဘယ်လောက်အထိ ကောင်းမွန်လဲဆိုတာကို အပြင်းအထန် စမ်းသပ်နေတယ်။

Foundation Sends Phantom MK-1 Robots to Ukraine for Battlefield Testing

Foundation ကုမ္ပဏီဟာ အဲဒီလို စစ်ဘက်သုံးအတွက် အထူးရည်ရွယ်ထုတ်လုပ်ထားတဲ့ Phantom MK-1 လူရုပ်စက်ရုပ်စနစ်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ လူတွေအတွက် အသက်အန္တရာယ်ရှိနိုင်တဲ့ ရှေ့တန်းကင်းထောက်တာ၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ကိုင်တွယ်တာလိုမျိုး အန္တရာယ်ကြီးတဲ့ အလုပ်တွေမှာ အဲဒီစက်ရုပ်တွေက အစားထိုး ဝင်ရောက်လုပ်ကိုင်ပေးနိုင်တယ်လို့ ကုမ္ပဏီဘက်က ဆိုတယ်။

လက်ရှိမှာတော့ ယူကရိန်း နိုင်ငံဟာ ခေတ်မီဆန်းသစ်တဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာသစ်တွေအတွက် အကောင်းဆုံး စမ်းသပ်ရာကွင်းပြင်ကြီးတစ်ခု ဖြစ်နေတယ်။ အခုစမ်းသပ်မှုတွေသာ အောင်မြင်သွားမယ်ဆိုရင် လာမယ့် ၂၀၂၇ ခုနှစ်မှာ အဲဒီစက်ရုပ် အလုံးရေ ၅၀,၀၀၀ အထိ အကြီးအကျယ် တိုးချဲ့ထုတ်လုပ်သွားဖို့ အစီအစဉ်တွေ ရှိနေတယ်။

Ref : Fossbytes