Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi ဟာ လာမယ့် Note 10 Lineup သစ်အတွက် အစောပိုင်းကတည်းက လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ဒီ Note 10 Lineup ထဲကလို့ယူဆရတဲ့ ဟန်းဆက်နှစ်ခုရဲ့ သက်ဆိုင်ရာ အားသွင်းအမြန်နှုန်းတွေဟာ Certified ရခဲ့ကြတာကိုလည်း တွေ့မြင်ရပါတယ်။

Xiaomi M2007J22C နဲ့ Xiaomi M2007J17C စတဲ့ မော်ဒယ်နံပါတ်တွေကို တရုတ် 3C မှာ မြင်တွေ့လာရတာပါ။ 3C ရဲ့ဖော်ပြချက်အရ ဒီဟန်းဆက်တွေဟာ 25W နဲ့ 33W အမြန်အားသွင်းစနစ်အသီးသီးနဲ့ဖြစ်တာကိုလည်း တွေ့ရပါတယ်။ Listing အရ ဒီဟန်းဆက်နှစ်မျိုးစလုံးဟာ 5G ကွန်ရက်ကိုလည်း ချိတ်ဆက်အသုံးပြုလို့ရမှာဖြစ်ကြောင်း သိရပါတယ်။

ကောလာဟလတွေအရ Redmi Note 10 Pro ဟာ 108MP ကင်မရာနဲ့ ထွက်လာမယ်လို့ သိရပါတယ်။ Chipset နဲ့ပတ်သက်တဲ့ ခန့်မှန်းဖော်ပြချက်တွေကတော့ Dimensity 820 ဒါမှမဟုတ် Snapdragon 750G စတာတွေအပါအဝင် ခန့်မှန်းချက်အစုံနဲ့ အတည်တကျမရှိသေးတာကို တွေ့ရပါတယ်။ နောက်ဆုံးထွက်လာတဲ့ Digital Chat Station ရဲ့ သတင်းမှာတော့ Snapdragon 750G ကို ညွှန်းထားပါတယ်။

ဒီဟန်းဆက်နှစ်မျိုးစလုံးရဲ့ မော်ဒယ်နံပါတ်တွေရဲ့အဆုံးမှာ “C” အက္ခရာကို တွေ့မြင်ရတာကြောင့် ဒါဟာ တရုတ်ပြည်တွင်းဈေးကွက်အတွက်ပဲလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမယ့် အခြားယိုစိမ့်မှုတစ်ခုမှာတော့ M2007J22G မော်ဒယ်နံပါတ်နဲ့ Eurasian Economic Commission မှာ Certified ရထားတာတွေ့ရပါတယ်။ ဒါကြောင့် မတူညီတဲ့ဈေးကွက်အတွက်လည်း ရည်ရွယ်ထားတယ်လို့ ဆိုနိုင်ပါတယ်။

Ref: GSM Arena