Counterpoint Research ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ TWS (Truly Wireless) hearables တွေဟာ Wearable ဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ Wearable ဈေးကွက်ဟာ Wristwear (Smartwatches) တွေရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်သွားမယ်လို့ ဆိုပါတယ်။

အစီရင်ခံစာအရ Earwear နဲ့ Wristwear ထုတ်ကုန်တွေဟာ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်အရောက်မှာ Wearable ဈေးကွက်ရဲ့ စုစုပေါင်းတင်ပို့မှုပမာဏအနက် ၉၃% အထိ ရောက်ရှိသွားခဲ့ကြောင်း သိရပါတယ်။ ကျန်တဲ့ဈေးကွက်ဝေစု ၇% ထဲမှာတော့ Eyewear, Bodywear က ၃% စီနဲ့၊ Skinwear က ၁% အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

TWS ရဲ့ နှစ်စဉ်တိုးတက်လာတဲ့ တင်ပို့မှုနှုန်းဟာ ၂၀၂၀ ပြည့်နှစ်တစ်ခုလုံးမှာ ယူနစ်ပေါင်း ၂၃၈ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့မယ်လို့ မျှော်လင့်ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Hearable တွေ ရေပန်းမစားလွန်းသေးတဲ့ ၂၀၁၉ ခုနှစ်နဲ့နှိုင်းယှဉ်ရင်၂၀၂၀ ရဲ့ဈေးကွက်ဖွံ့ဖြိုးမှုနှုန်းဟာ ၈၃% အထိ ဖြစ်လာပါတယ်။ ဒီပြောင်းလဲမှုမှာ Samsung, Apple တို့လို ကုမ္ပဏီကြီးတွေက အဓိကကဏ္ဍမှာ ရှိနေကြပါတယ်။

လူအတော်များများဟာ ပရီမီယံ Hearable တွေကို မတတ်နိုင်ကြတဲ့အတွက် Realme, Xiaomi တို့လို ဘတ်ဂျက်အမှတ်တံဆိပ်တွေကလည်း ဈေးကွက်ထဲကို လွယ်လွယ်ကူကူနဲ့ တိုးဝင်ရပ်တည်နိုင်ခဲ့ကြပါတယ်။ အမှတ်တံဆိပ်တွေနဲ့ပြောမယ်ဆိုရင်တော့ Apple ဟာ Q3 အထိ TWS တင်ပို့မှုဈေးကွက်ဝေစု ၂၉% ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် Smartwatch ဈေးကွက်ကိုလည်း ၂၈% အထိရယူလွှမ်းမိုးထားတာ တွေ့ရပါတယ်။

Apple ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်အဖြစ်ရှိနေတာက Samsung ဖြစ်တယ်လို့ထင်ရပေမယ့် တကယ်တမ်းမှာတော့ ဈေးကွက်ဝေစု ၅% နဲ့ တတိယနေရာမှာ ရှိနေတာပါ။ ဒုတိယနေရာက Xiaomi ကလည်း ၁၃% သာ ဖြစ်ပါတယ်။ TWS တွေက Wearable တင်ပို့ရောင်းချမှုကို ဘာကြောင့်မောင်းနှင်သလဲဆိုတဲ့မေးခွန်းအတွက်အဖြေက စမတ်ဖုန်းတွေမှာ 3.5mm jack တွေ ပျောက်ကွယ်လာခြင်းကြောင့်လို့ပဲ ဖြေရပါလိမ့်မယ်။

Ref: Gizmochina