အမေရိကန်အနေနဲ့ Huawei ကို ပိတ်ဆို့မှုတွေပြုလုပ်နေပေမယ့် ဒါဟာ လုံလောက်တဲ့အဖြေမဟုတ်သလို၊ တရုတ်ကုမ္ပဏီအတွက်လည်း ပွန်းရာစင်းရာလောက်သာ ရှိတဲ့အခြေအနေဖြစ်တယ်လို့ Wall Street Journal က ရေးသားဖော်ပြခဲ့ပါတယ်။

တရုတ်အခြေစိုက်ကုမ္ပဏီကြီးရဲ့ 5G ကွန်ရက်ဆိုင်ရာ ပစ္စည်းကိရိယာတွေကို လက်မခံဘဲ ငြင်းဆန်ခဲ့ပေမယ့် ဒါဟာ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်သာ ရှိနေတယ်လို့ ဆိုပါတယ်။ အမေရိကန်ရော ယူကေ နှစ်နိုင်ငံစလုံးဟာ Huawei နဲ့ယှဉ်ပြိုင်နိုင်မယ့် နည်းပညာဦးဆောင်ကုမ္ပဏီကို ရှာဖွေနေပေမယ့် ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ယူအက်စ်ကတော့ Cisco နဲ့ Oracle တို့လို ကွန်ရက်စီးပွားရေးလုပ်ငန်းတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘူးလို့ သိရပါတယ်။ Wall Street ရဲ့ ဖော်ပြချက်အရ ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါးကုန်ကျမယ့် Huawei ရဲ့ ပြိုင်ဘက်လိုဖြစ်တဲ့ Nokia ဒါမှမဟုတ် Ericsson တို့ကို ဝယ်ယူဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။

အခြားနည်းလမ်းအနေနဲ့ Nokia ဒါမှမဟုတ် Ericsson ကို အခွန်နှုန်းထား လျှော့ပေးဖို့ စဉ်းစားတာလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ဗြိတိသျှဝန်ကြီးချုပ် Boris Johnson က Huawei ကို ဗြိတိန်နိုင်ငံအတွက် 5G ကွန်ရက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ ထောက်ပံ့ခွင့်ပြုခဲ့ပါသေးတယ်။ ဒီတုန်းက ယူအက်စ်အနေနဲ့ ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေလိုပေမယ့် အချည်းနှီး ဖြစ်ခဲ့ရပါတယ်။

အခုတော့ ဗြိတိန်ဝန်ကြီးချုပ်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားနေတာဖြစ်ပြီး ယူကေအတွက် ထောက်ပံ့ပေးနေတဲ့ Huawei ရဲ့ 5G ကွန်ရက်ဆိုင်ရာ ပစ္စည်းတွေအတွက် Ericsson ကတော့ အစားထိုးပေးနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ တစ်ဘက်မှာလည်း Huawei ဟာ တရုတ်အစိုးရရဲ့ ထောက်ခံအားပေးမှုရှိနေတာအပြင် ပြိုင်ဘက်တွေထက် ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချနိုင်တာက ဆက်လက်ရှင်သန်နေဖို့ လုံလောက်တဲ့ အကြောင်းရင်း ဖြစ်နေပါတယ်။

ဒီနယ်ပယ်ထဲမှာ အမေရိကန်ကုမ္ပဏီတွေ ရှိနေပေမယ့်လည်း Huawei ကိုယှဉ်ပြိုင်ဖို့တော့ သေးငယ်လွန်းနေတာက ပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် Huawei ကို ပြိုင်ဆိုင်နိုင်မယ့် အလားအလာရှိတဲ့ကုမ္ပဏီတွေကိုပဲ အားပေးသွားဖို့ နည်းလမ်းကို ရွေးချယ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Huawei လို ဘီလူးတစ်ကောင်အနေနဲ့ လွယ်လွယ်နဲ့ သတ်လို့မသေနိုင်တာကလည်း အမှန်ပဲ ဖြစ်ပါတယ်။

Ref: Phone Arena