လက်ရှိအချိန်မှာ နည်းပညာကုမ္ပဏီတွေနဲ့ ဂိမ်းကုမ္ပဏီတွေက NFT စျေးကွက်ထဲကို စတင်ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Ubisoft လည်း အပါအဝင်ဖြစ်ပြီး ထုတ်လုပ်မယ့်ဂိမ်းတွေထဲမှာ NFT တွေကို ထည့်သွင်းသွားဖို့ စီစဥ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက Ubisoft ကနေ Digits လို့နာမည်ပေးထားတဲ့ NFT တွေကို အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ Quartz အမည်ရှိ Platform တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Ubisoft ကနေ အခုလို NFT စျေးကွက်ထဲကို ဝင်ရောက်လာတာကို ဝေဖန်သူတွေက အပြင်းအထန်ကန့်ကွက်မှုတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။

အခုလို ကန့်ကွက်မှုတွေဟာ အဓိကအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှုတွေကြောင့်ဖြစ်သလို တစ်ဖက်ကလည်း ဒါဟာ နောက်ထပ် ပိုက်ဆံရှာဖွေဖို့ နည်းလမ်းတစ်ခုဖြစ်တယ်ဆိုပြီး ကန့်ကွက်နေကြတာဖြစ်ပါတယ်။ Ubisoft ကနေ Quartz Platform အတွက် Trailer ကို YouTube မှာတင်တဲ့အချိန်တုန်းကလည်း ၂၄ နာရီအတွက် လူ ၁,၃၀၀ ကျော်ပဲ Like ပြုလုပ်ပြီး လူပေါင်း ၃၅,၀၀၀ ကျော်က Dislike ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဒီလိုမျိုး ဝေဖန်မှုတွေကို Ubisoft ရဲ့ Strategic Innovations Lab မှ Vice President ဖြစ်တဲ့ Nicolas Pouard ကနေ အခုလို ကန့်ကွက်နေကြတဲ့သူတွေဟာ NFT အကြောင်းကို နားမလည်လို့ ကန့်ကွက်နေတာဖြစ်တယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ ဆော့ကစားသူတွေဟာ NFT လိုမျိုး Digital Secondary Market ကနေ ဘာတွေအကျိုးအမြတ်ရရှိနိုင်သလဲဆိုတာကို နားမလည်သေးဘဲ ကမ္ဘာကြီးကို ဖျက်ဆီးနေကြတယ်ဆိုပြီးပဲ ယုံကြည်နေကြတယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆိုပါ NFT တွေကပဲ ဂိမ်းကိုအပြီးထိဆော့ကစားပြီးတဲ့အချိန်မှာတောင် ပြန်လည်ရောင်းချ၊ အသုံးချနိုင်တာကြောင့် နောက်ဆုံးမှာ ဆော့ကစားသူတွေအတွက်ပဲ အကျိုးရှိစေမှာဖြစ်တယ်လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။

Ubisoft က Quartz အတွက် အသုံးပြုနေတဲ့ Tezos Blockchain System ဟာ တခြားသော Blockchain တွေထက် စွမ်းအင်စားသုံးမှုနည်းပါးပြီး Transaction တစ်ခုဟာ စက္ကန့် ၃၀ စာ Video Streaming ပြုလုပ်တာနဲ့ ညီမျှမှာဖြစ်ပါတယ်။ ဒါကြောင့် Ubisoft ကတော့ NFT စျေးကွက်ကို ဝေဖန်မှုတွေကြောင့် လက်လျော့သွားမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

Ref – Engadget