Apple ဟာ သူ့ရဲ့ Flagship iPhone သစ်တွေကို ပွဲထုတ်ပြီးဖြစ်ပေမယ့် လူတွေရဲ့ ပါးစပ်ဖျားမှာတော့ နောက်ထပ်ထွက်လာမယ့် iPhone သစ်တွေနဲ့ နည်းပညာသစ်တွေအကြောင်း ပြောဆိုနေတုန်း ဖြစ်ပါတယ်။ iPhone 13 အကြောင်း ပြောဖို့ စောသေးတယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ ဒီအကြောင်းကို ပြောလာခဲ့ကြတာ လွန်ခဲ့တဲ့ လအတန်ကြာကတည်းက ဖြစ်ပါတယ်။

iPhone 13 တွေဟာ iPhone 12 တွေနဲ့ အရွယ်အစားတူ မျက်နှာပြင်နဲ့ဖြစ်ပေမယ့် လာမယ့်မော်ဒယ်သစ်လေးမျိုးစလုံးမှာ Touch (Y-Otca) Panel တွေနဲ့လို့ ကနဦးသတင်းတွေက ဖော်ပြထားပါတယ်။ အခု ထပ်ပြီးသတင်းထွက်လာတာက iPhone သစ်တွေမှာ Under-screen Touch ID လည်း ပါဝင်လာမယ်ဆိုတာပါပဲ။ ဒီသတင်းကို @L0vetodream ဆိုတဲ့ User name နဲ့ Tipster Jon Prosser က တွစ်တာမှာ မျှဝေသွားတာပါ။

Jon Prosser ရဲ့ ပို့စ်မှာ “MESA uts for iPhone” လို့ ရေးသားထားပါတယ်။ “MESA” ဟာ “Touch ID” ကို ပြောတာဖြစ်ပြီး “uts” ကတော့ “Under the screen” ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Under-screen Touch ID ဟာ iPhone 13 မှာ ပါဝင်လာမယ်လို့ မပြောထားသလို၊ ဘယ်ဗားရှင်းမှာ ပါဝင်လာနိုင်သလဲဆိုတာကိုလည်း ပြောထားခြင်း မရှိသေးတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် Apple က Under-screen Touch ID ကို အကောင်အထည်ဖော်နေကြောင်း ပေါက်ကြားထားတဲ့ ကနဦးသတင်းတွေလည်း ရှိနေပါသေးတယ်။

Ming-Chi Kuo ကတော့ Apple ဟာ ၂၀၂၁ ခုနှစ်မှာ iPhone တွေကို Touch ID ရော၊ Face ID နှစ်မျိုးစလုံး ထည့်သွင်းပေးထားဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါ့အပြင် Apple ဟာ Ultrasonic fingerprint solution ကို ပြုပြင်ဖို့အတွက် Qualcomm နဲ့ ပူးပေါင်းနေတယ်လို့လည်း ကောလာဟလ ထွက်ထားခဲ့ဖူးပါသေးတယ်။ Apple နည်းလမ်းဟာ ပါဝါသုံးစွဲမှုနည်းနေချိန်မှာတောင် ဧရိယာကြီးမားတဲ့ Touch sensing ရရှိမယ်လို့ ဆိုပါတယ်။

iPhone 13 ရဲ့ ကောလာဟလတွေထဲမှာ မျက်နှာပြင်ဟာ Apple က ဒီဇိုင်းထုတ်ထားတဲ့ LTPO (Low-temperature-Polycrystalline Oxide) အမျိုးအစားကို အသုံးပြုမယ်လို့ ဆိုထားပါသေးတယ်။ Refresh rate ကလည်း 120Hz ကို ထောက်ပံ့ပေးတော့မှာပါ။ ဒီသတင်းတွေနဲ့ပတ်သက်လို့ ကုမ္ပဏီဘက်က ဘာအတည်ပြုချက်မှ ပေးမထားသေးတာကြောင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina