realme ကနေ နောက်ဆုံးအနေနဲ့ realme X50m 5G စမတ်ဖုန်းအသစ်ကို မိတ်ဆက်ထားခဲ့ပြီးဖြစ်ပါတယ်။ မကြာခင်မှာလည်း realme X3 အပြင် Narzo Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားဖို့ရှိနေပြီး အခုထွက်ပေါ်လာတဲ့သတင်းအရဆိုရင် realme အနေနဲ့ Gaming Phone စျေးကွက်ကိုပါ ဝင်ရောက်တော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Weibo စာမျက်နှာမှာ realme ရဲ့ မမိတ်ဆက်ရသေးတဲ့ စမတ်ဖုန်းအသစ်တစ်မျိုးရဲ့ ဓါတ်ပုံပေါက်ကြားလာခဲ့ပြီး အဆိုပါ စမတ်ဖုန်းဟာ လက်ရှိ realme စမတ်ဖုန်းတွေနဲ့ လုံးဝမတူညီတာကြောင့်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် realme X50 Series ၊ realme 6 Series ဖုန်းတွေဟာ ဖုန်းရဲ့ နောက်ကျောဘက်ထောင့်မှာ Quad Camera Setup ကိုထည့်သွင်းထားပေမယ့် အခု ထွက်ပေါ်လာတဲ့ပုံမှာတော့ Triple Camera Setup ကိုပဲ ဖုန်းရဲ့ အလယ်မှာထည့်သွင်းထားတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ realme ကနေ ထုတ်ထားတဲ့စမတ်ဖုန်းတွေမှာ သုံးစွဲလေ့မရှိတဲ့ Carbon Design အနက်ရောင်ကို သုံးစွဲထားသလို ဖုန်းရဲ့ နောက်ကျောဘက်မှာလည်း realme Logo နဲ့ Triple Camera Setup ကို ရွှေရောင်လိုင်းတစ်ခုနဲ့ Design ဖော်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက်ဖြစ်နိုင်တာက အဆိုပါ စမတ်ဖုန်းဟာ realme ရဲ့ ပထမဆုံး Gaming Phone လို့တောင် ပြောလို့ရနိုင်ပါတယ်။

ဒီလိုမျိုး realme ကနေ Gaming Phone စျေးကွက်ထဲကို ဝင်ရောက်မယ်ဆိုရင် လက်ရှိ Xiaomi Black Shark ၊ Nubia Red Magic နဲ့ ASUS ROG Phone တွေနဲ့ အဓိကပြိုင်ဆိုင်ရဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိတော့ realme ကနေ Gaming Phone မိတ်ဆက်မယ်ဆိုပြီး ပြောကြားထားခြင်းမရှိသေးတဲ့အတွက် အခုဓါတ်ပုံထွက်ပေါ်လာတဲ့ realme ဖုန်းအသစ်က ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena