Huawei ဟာ လက်ရှိအချိန်မှာ ကိုယ်ပိုင် HarmonyOS ကို အသုံးပြုနေတာ Version 2.0 အထိရောက်ရှိနေပြီဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Huawei ကနေ နောက်ထပ် Version အသစ်ဖြစ်တဲ့ HarmonyOS 3.0 ကို မကြာခင်မိတ်ဆက်သွားတော့မှာပါ။

HarmonyOS 3.0 ဟာ ပြီးခဲ့တဲ့မတ်လပိုင်းထဲမှာ Beta အနေနဲ့ မိတ်ဆက်သွားဖို့စီစဥ်ထားတာဖြစ်ပြီး Stable Update ကို လာမယ့် ဇူလိုင်လအတွင်းမှာ မိတ်ဆက်ဖို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းကြောင်းကြောင့် အခုအချိန်အထိ Beta Update ကို မိတ်ဆက်နိုင်ခြင်းမရှိသေးဘဲ နှောင့်နှေးနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Huawei ကနေ လာမယ့် ဇူလိုင်လအတွင်းမှာ HarmonyOS 3.0 ကို Stable Update ထုတ်ပေးနိုင်ဖို့ကတော့ ဖြစ်နိုင်ခြေများနေတယ်လို့ သိရပါတယ်။ အဆိုပါ HarmonyOS 3.0 ကို ပထမဆုံးအနေနဲ့ Huawei Mate 50 Series ဖုန်းတွေမှာ အသုံးပြုလာမယ်လို့ သိရပါတယ်။

Huawei Mate 50 Series ဖုန်းတွေဟာလည်း ဇူလိုင်လမှာ မိတ်ဆက်သွားဖို့စီစဥ်ထားတာဖြစ်ပြီး တရုတ်နိုင်ငံအတွင်းမှာ HarmonyOS 3.0 အပြင် Kirin 9000 5G Chipset နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Global စျေးကွက်အတွက်ကတော့ EMUI ကိုပဲ Qualcomm Snapdragon 888 4G Chipset နဲ့ မိတ်ဆက်သွားနိုင်ခြေရှိနေပါတယ်။ ဒီလိုမျိုး Snapdragon 888 4G Chipset ကိုပဲ အသုံးပြုနိုင်တာကလည်း US ရဲ့ Huawei အပေါ်ကို 5G အသုံးပြုခွင့်ကို ပိတ်ပင်ထားတာကြောင့်ဖြစ်ပါတယ်။

Huawei ရဲ့ HarmonyOS ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အကုန်မှာ ရရှိတဲ့စစ်တမ်းတွေအရ Device ပေါင်း သန်း ၂၂၀ ကျော်မှာ အသုံးပြုနေပြီဖြစ်ပါတယ်။ လာမယ့် HarmonyOS 3.0 ဟာလည်း တခြားသော Device အသစ်တွေအတွက် Update ရရှိစေဦးမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China