OPPO ကတော့ ၃ သိန်း ၃ သောင်းမပြည့်တဲ့ဈေးနှုန်းနဲ့ 5G စမတ်ဖုန်းကို တရုတ်ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချလိုက်ပါပြီ။ ဒါဟာ ကျန်တဲ့အမှတ်တံဆိပ်တွေအတွက် ပြိုင်ဆိုင်မှုစပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံ ဆူညံစေခဲ့တာလို့ ဆိုနိုင်ပါတယ်။

သိပ်မဝေးတော့တဲ့ အနာဂတ်မှာ Dimensity 700 နဲ့ ဈေးနှုန်းချိုသာတဲ့ 5G ဟန်းဆက်တွေကို အမြောက်အများတွေ့မြင်ရတော့မှာပါ။ MediaTek က သူတို့ရဲ့ တန်ဖိုးနည်း 5G chipset ကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကတည်းက ကြေညာခဲ့တာပါ။ ဒီ Chipset ဟာ ဈေးနှုန်းချိုသာတဲ့ 5G ဟန်းဆက်ပေါင်းများစွာကို ဖြစ်ပေါ်စေပြီး 5G ကူးပြောင်းမှုမှာလည်း ကြီးမားတဲ့ အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ရပါတယ်။

မကြာခင်မိတ်ဆက်ဖို့ရှိတဲ့ Dimensity 700 သုံးထားတဲ့ 5G စမတ်ဖုန်းတွေထဲမှာ အခုသတင်းထွက်လာတာကတော့ Realme ပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ နာမည်ကျော် Tipster က Realme ဟာ Dimensity 700 သုံး 5G စမတ်ဖုန်းကို ပြုလုပ်နေတယ်လို့ အခိုင်အမာဆိုထားပါတယ်။ ဒါ့အပြင် Realme အမှတ်တံဆိပ်အတွက် ဈေးနှုန်းအချိုသာဆုံး 5G စမတ်ဖုန်းအဖြစ် ထွက်လာဖွယ်လည်း ရှိနေပါတယ်။

Digital Chat Station ရဲ့ အဆိုအရ Realme ရဲ့ ဈေးနှုန်းချိုသာတဲ့ 5G စမတ်ဖုန်းဟာ Dimensity 700, LCD waterdrop screen, square matrix module တွေနဲ့ ထွက်လာမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Realme V3 က $170 (၂ သိန်း ၂ သောင်း ၇ထောင် ဝန်းကျင်)၊ Realme Q2i က $154 (၂ သိန်း ၆ ထောင်ဝန်းကျင်) နဲ့ အမှတ်တံဆိပ်ရဲ့ ဈေးအချိုသာဆုံး 5G ဖုန်းတွေဖြစ်ပါတယ်။

Realme Q2i ဟာ 6.5-inch HD+ resolution IPS LCD မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ Dimensity 720 chipset ကို 4GB of RAM နဲ့ တွဲဖက်ထားပြီး သိုလှောင်မှုပမာဏက 128GB ဖြစ်ပါတယ်။ 5,000mAh ဘက်ထရီကို 18W charging ထောက်ပံ့ပေးထားတာပါ။ 8MP selfie ကင်မရာနဲ့ ကျောဘက်မှာ 13MP အဓိကကင်မရာ + 2MP macro + 2MP depth ကင်မရာတို့ကို တပ်ဆင်ထားပါတယ်။

Ref: Gizmochina