အမေရိကန်က Customs and Border Protection (CBP) ဟာ Apple AirPods အတုတွေတင်သွင်းလာတာကို ဩဂုတ်လကုန်မှာ ဖမ်းမိခဲ့တယ်လို့ ဂုဏ်ယူစွာနဲ့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာ မီဒီယာတွေကို ပြောကြားခဲ့ပြီး အခုတော့ လူအများသိအောင် တွစ်တာမှာ ပို့စ်တင်လိုက်ပါတယ်။ လူအများသိသွားတဲ့အတွက် CBP ရဲ့ အရှက်လည်း ဗြန်းဗြန်းကွဲသွားပါတော့တယ်။ တကယ်တော့ အဲဒီ နားကြပ်တွေဟာ Apple AirPods အတုတွေမဟုတ်ဘဲ ဇူလိုင်လမှာ ကြေညာခဲ့တဲ့ OnePlus Buds တွေ ဖြစ်ပါတယ်။

CBP ရဲ့ နယူးယောက် ဌာနက ဒါရိုက်တာ Troy Miller က “ ကျွန်တော်တို့ အရာရှိတွေဟာ အမေရိကန် ပြည်သူတွေကို ဘေးအန္တရာယ် အမျိုးမျိုးကနေ နေ့တိုင်း ကာကွယ်ပေးနေပါတယ်။ အခုလို AirPods အတုတွေ ဖမ်းမိတာဟာ ကျွန်တော်တို့ ရည်ရွယ်ချက် အောင်မြင်တာကို သိသာစေပါတယ်။ “ လို့  ကြွားလုံးထုတ်ခဲ့ပါသေးတယ်။

CBP က AirPods ဈေးနဲ့တွက်ပြီး အဲဒီ နားကြပ်တွေရဲ့ စုစုပေါင်း တန်ဖိုးဟာ ဒေါ်လာ ၃၉၈,၀၀၀ ရှိတယ်လို့ ပြောခဲ့ပါတယ်။ တကယ်တော့ OnePlus Buds ၁ ခုဟာ ၇၉ ဒေါ်လာပဲရှိတဲ့အတွက် စုစုပေါင်း တန်ဖိုးဟာ ဒေါ်လာ ၁၅၈,၀၀၀ ပဲ ကျသင့်မှာပါ။

OnePlus အမေရိကန် တွစ်တာအကောင့်က ဒီကိစ္စနဲ့ ပတ်သက်ပြီး OnePlus Buds တွေကို ပိုင်ရှင်တွေထံ ပြန်ပေးလိုက်ပါလို့ပဲ ပေါ့ပေါ့ပါးပါး အကြံပေးထားပါတယ်။ Apple AirPods ဒီဇိုင်းဟာ အရမ်းလှတဲ့အတွက် ကုမ္ပဏီတော်တော်များများက အဲဒီ ဒီဇိုင်းကို တုပကာ ထုတ်လုပ်လာကြပါတယ်။ အခုဆိုရင် ဈေးကွက်ထဲမှာ AirPods နဲ့တူတဲ့ နားကြပ်များစွာ ရှိနေပါပြီ။

Ref : gsmarena