ထရမ့် တက်လာပြီးနောက်မှာ အခွန် ဆိုတဲ့ စကားလုံးကို ကမ္ဘာ့ သတင်းခေါင်းစီးတွေမှာ မကြာခဏ တွေ့လာရပါတယ်။ ထရမ့်က တရုတ်ကနေ အမေရိကန်ကို တင်သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံတာဟာ အင်္ဂါနေ့က စတင် အကျိုးသက်ရောက်ပါတယ်။
ဒါဟာ Apple အတွက် သတင်းဆိုးပါ။ Apple ဟာ တရုတ်မှာ iPhone, iPad , Mac နဲ့ တခြားထုတ်ကုန် အများစုကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အဲဒီအတွက် Apple Device တွေရဲ့ ဈေးနှုန်းတွေ မြင့်တက်သွားနိုင်ပါတယ်။
Apple ဟာ ထုတ်လုပ်တဲ့ လုပ်ငန်း တချို့ကို အိန္ဒိယကို ပြောင်းရွှေ့နေပြီး iPhone Pro မော်ဒယ်တွေကိုပါ အဲဒီမှာ ထုတ်လုပ်နေပါတယ်။ (အရင်ကတော့ Non-Pro မော်ဒယ်တွေကိုပဲ ထုတ်လုပ်တာပါ။ ) Apple ဟာ အိန္ဒိယမှာ iPhone 17 Series ထုတ်လုပ်ဖို့အတွက် ပြင်ဆင်နေပါပြီ။
Apple ဟာ ထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းကို အိန္ဒိယကို ဒီနှစ်ကုန်မှာ ပြောင်းရွှေ့ဖို့ စီစဉ်ထားပါတယ်။ အဲဒီအတွက် Apple Device အများစုဟာ အခွန် ၁၀ ရာခိုင်နှုန်းကို ခံစားကြရမှာပါ။ Apple ဟာ အမြတ်ငွေကို လျှော့ယူပြီး ဈေးနှုန်းတွေကို မတက်ဘဲ ရောင်းချမလား၊ ဈေးနှုန်းတွေကို မြှင့်လိုက်မလား ဆိုတာ မသိရသေးပါဘူး။
Ref : gsmarena