အမေရိကန်ရဲ့ နိုင်ငံရေးသမားအချို့က Huawei အပြင် Honor အမှတ်တံဆိပ်ကိုပါ တိုးချဲ့ကန့်သတ်ပေးဖို့ လက်ရှိအုပ်ချုပ်နေသူတွေကို တောင်းဆိုလိုက်တယ်လို့ Reuters သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ တရုတ်ရဲ့ နိုင်ငံမျက်နှာဖုံးကုမ္ပဏီ Huawei ဟာ အမေရိကန်အတွက် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုကို ဖြစ်စေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သမ္မတဟောင်း Trump က ၂၀၁၉ ခုနှစ်မှာ နာမည်ပျက်စာရင်းသွင်းခဲ့တာပါ။

Biden လက်ထက်မှာ Trump အစပြုခဲ့တဲ့ ပြဿနာဝဲဂယက်ထဲကို ဆွဲသွင်းခံရဖို့သိပ်မလိုတော့တဲ့ Honor ဟာ တစ်ချိန်တုန်းက Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်နေတာအပြင် အခြားစွပ်စွဲချက်လည်း ရှိနေပါသေးတယ်။ Huawei က Honor ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက အခြားလုပ်ငန်းစုဆီ လက်လွှဲရောင်းချခဲ့ပြီးသားပါ။ ဒါကြောင့် Honor ဟာ Qualcomm, Google, Microsoft, AMD, Intel, MediaTek, Samsung, Sony စတဲ့ကုမ္ပဏီတွေနဲ့ ဆက်ဆံမှု ရှိနေခဲ့ပါတယ်။

အဓိကပြဿနာကတော့ Honor ကို လက်လွှဲဝယ်ယူလိုက်တဲ့ တရုတ်လုပ်ငန်းစုကြီးဟာ တရုတ်အစိုးရကျောထောက်နောက်ခံပြုထားတာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ Huawei ရဲ့ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ George Zhao က အခု Honor ရဲ့ဦးဆောင်သူဖြစ်နေသလို၊ Huawei အင်ဂျင်နီယာတွေနဲ့ အလုပ်အမှုဆောင်တွေကလည်း Honor နဲ့ ပူးပေါင်းခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ရီပတ်ဘလစ်ကန် အမတ်တွေကတော့ Honor ကို တရုတ်အစိုးရရဲ့ “ပွန်း” တစ်ကောင်အဖြစ် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မဲ့ အမှတ်တံဆိပ်အဖြစ်သာ ရှုမြင်နေကြပြီး Honor အမှတ်တံဆိပ်ကိုလည်း “Blacklist” ထဲ သွင်းစေချင်ကြတာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ လွန်ခဲ့တဲ့ သြဂုတ်လကတည်းက Michael McCaul ဦးဆောင်တဲ့ ရီပတ်ဘလစ်ကန်အမတ်တွေက Honor ကို နာမည်ပျက်စာရင်းသွင်းဖို့ ကုန်သွယ်ရေ:ဌာနဆီ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအထိ အဓိကလုံခြုံရေးအေဂျင်စီတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး ညှိနှိုင်းမရဘဲကွဲပြားနေခဲ့ပါသေးတယ်။ ပင်တဂွန်စစ်ဌာနချုပ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက Honor ကို နာမည်ပျက်စာရင်းထဲသွင်းဖို့ ထောက်ခံပေမဲ့ ကုန်သွယ်ရေးဦးစီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မထောက်ခံဘဲ ဖြစ်နေခဲ့တာပါ။ နောက်ဆုံးအချိန်အထိ လိပ်ခဲတည်းလည်းဖြစ်နေမယ်ဆိုရင် အဆုံးအဖြတ်က လက်ရှိသမ္မတ Biden လက်ထဲကို ရောက်သွားပါလိမ့်မယ်။

Ref: Phone Arena