ပြီးခဲ့တဲ့နှစ်မေလတုန်းက US အစိုးရကနေ Huawei ကို စတင်ပိတ်ပင်မှုတွေပြုလုပ်ခဲ့ပြီး အခုအထိလည်း အခြေအနေတွေက ဆက်လက်တင်းမာနေတုန်းပဲဖြစ်ပါတယ်။ Huawei ကို လက်ရှိအချိန်မှာ Google နဲ့ Qualcomm လိုမျိူး ကုမ္ပဏီတွေက အဆက်အသွယ်ပြုလုပ်ခြင်းမရှိတော့ပေမယ့် Huawei အနေနဲ့ ကိုယ်ပိုင် Chipset တွေအပြင် Google Mobile Services (GMS) အစား Huawei Mobile Services (HMS) နဲ့ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။

အခုလိုမျိုး Huawei အနေနဲ့ အဆင်ပြေပြေရပ်တည်နိုင်နေတာကို US ကနေ နောက်ထပ် ပိတ်ဆို့မှုတစ်ခုကို ပြုလုပ်သွားဦးမယ့်ပုံစံပါပဲ။ ယခုတစ်ကြိမ်မှာတော့ လက်ရှိ Huawei ရဲ့ Kirin Chipset တွေအတွက် Chip တွေအဓိကထုတ်လုပ်ပေးနေတဲ့ TSMC ကို နောက်ထပ် Huawei ကို Chip တွေထောက်ပံ့ပေးလို့မရအောင် ပိတ်ပင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

TSMC ဟာ Taiwan-based ကုမ္ပဏီတစ်ခုဖြစ်ပေမယ့် Chip တွေထုတ်လုပ်တဲ့နေရာမှာ US ကနေထုတ်လုပ်တဲ့ Manufacturing Equipment တွေကို အသုံးပြုနေရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိပြောင်းလဲလိုက်တဲ့ US Department of Commerce ရဲ့ Foreign Direct Product စည်းမျဥ်းအရ US နည်းပညာကို အသုံးပြုပြီး ထုတ်လုပ်တဲ့ကုမ္ပဏီတွေက Huawei ကို ရောင်းချခြင်းပြုလုပ်ခွင့်မရှိတဲ့အတွက် Huawei အတွက်တော့ အကြီးအကျယ်အကြပ်ရိုက်နိုင်ပါတယ်။

တကယ်လို့သာ အခုလိုမျိုး ပိတ်ပင်လိုက်မယ်ဆိုရင် တရုတ်မှာရှိတဲ့ တခြားသော Chip ထုတ်လုပ်တဲ့ကုမ္ပဏီတွေအနေနဲ့လည်း US နည်းပညာကိုပဲ အသုံးပြုနေတဲ့အတွက် Huawei ကို Chip တွေထောက်ပံ့ပေးနိုင်ဖို့ ခဲယဥ်းသွားဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း လောလောဆယ်မှာ Trump Administration မှာပါဝင်တဲ့အချို့သောအဖွဲ့ဝင်တွေကတော့ ဒီလိုမျိုးအထိ Huawei ကို ပိတ်ပင်လိုက်မယ်ဆိုရင် Huawei ထက် US ဘက်က ပိုပြီးထိခိုက်နိုင်ပြီး ရေရှည်မှာ တရုတ်နိုင်ငံကို ပိုပြီး ဖွံဖြိုးတိုးတက်အောင်လုပ်သလိုဖြစ်သွားမယ်ဆိုပြီး ထောက်ပြထားပါတယ်။ ဘာပဲဖြစ်ဖြစ် တကယ် Huawei ကို Chipset တွေထုတ်မရအောင် ပိတ်ပစ်မလားဆိုတာကတော့ လာမယ့်ရက်သတ္တပတ်အတွင်းမှာ သိရတော့မှာပါ။

Ref – GSM Arena