လုံခြုံစိတ်ချမှု အပြည့်အဝရှိသည့် စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသော ကမ္ဘာ့ထိပ်တန်း Rakuten Viber ကုမ္ပဏီသည် နောာက်ဆုံးပေါ် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်အသစ် ၂ ခုအား ၎င်း၏ Viber အက်ပလီကေးရှင်းတွင် ထည့်သွင်းအဆင့်မြှင့်တင် ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ Rakuten Viber အနေနှင့် Business Inbox နှင့် Commercial Account ဟု အမည်ရသည့် အဆိုပါ အဆင့်မြင့် လုပ်ဆောင်ချက် ၂ ခုနှင့်အတူ ပြီးပြည့်စုံမှုအရှိဆုံး အက်ပလီကေးရှင်း တစ်ခုအဖြစ် Viber အား တည်ဆောက်သွားရန် ဟူသည့် superapp ရေရှည်မျှော်မှန်းချက်အား ထပ်မံသက်သေပြခဲ့ခြင်း ဖြစ်သည်။

စစ်တမ်းလေ့လာချက်များအရ ၇၁ % သော အသုံးပြုသူများသည် ကုမ္ပဏီများမှ ၎င်းတို့ထံ သီးသန့်လာရောက် ဆက်သွယ် ချိတ်ဆက်မှုအား ပိုမိုနှစ်သက်ကြကြောင်း သိရှိရပြီး တစ်ချိန်တည်းမှာပင် ၈၂ % သော လုပ်ငန်းများသည်လည်း ၎င်းတို့၏ ဝန်ဆောင်မှုများမှတဆင့် ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံများအား ပေးအပ်နိုင်မည့် နည်းဗျူဟာများအား အကောင်အထည်ဖော် ဆောင်ရွက်လိုကြောင်း သိရှိရသည်။ အဆိုပါ လေ့လာချက် ၂ ခုအရ Viber ၏ ယခု နောက်ဆုံးပေါ် အဆင့်မြှင့်တင်မှုများမှတဆင့် အသုံးပြုသူများအနေနှင့် ပိုမိုအဆင်ပြေလွယ်ကူသော အသုံးပြုမှု အတွေ့အကြုံများအား ရရှိ သွားနိုင်မည်ဖြစ်သည့်အပြင် ကုန်အမှတ်တံဆိပ်များအနေနှင့်လည်း ပိုမိုထိရောက်သော ဆက်သွယ်ချိတ်ဆက်မှုများအား ပေးအပ်သွားနိုင်မည် ဖြစ်သည်။

ကုန်အမှတ်တံဆိပ်များနှင့် အသုံးပြုသူများကြား ဆက်သွယ်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လွယ်ကူသွားစေရန်အတွက် Viber သည် Business Inbox လုပ်ဆောင်ချက်အား ကမ္ဘာတစ်ဝန်းတွင် စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်အရ အသုံးပြုသူများအနေနှင့် ၎င်းတို့ချိတ်ဆက်ထားသည့် တရားဝင် ကုန်အမှတ်တံဆိပ်များထံမှ သတင်းအချက်အလက်များနှင့် စာတိုပေးပိုမှုများ (ဘဏ်အသိပေးချက်များ၊ Delivery ဝန်ဆောင်မှုလုပ်ငန်းများထံမှ မိမိမှာယူလိုက်သည့် ကုန်ပစ္စည်း၏ အမှာစာ အတည်ပြုချက်များနှင့် စတိုးဆိုင်များမှ အထူးကမ်းလှမ်းချက်များ အစရှိသည့်) အား အခြားသော Chat များနှင့် မရောပဲ သီးသန့်သိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။

အသုံးပြုသူများသည် ၎င်းတို့၏ ပထမဦးဆုံး Business Message အားရရှိသည်နှင့် တစ်ပြိုင်နက် Business Inbox လုပ်ဆောင်ချက်သည် အလိုအလျောက် စတင်သွားမည် ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများနှင့် ယခင်က ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်ဖူးပါက အဆိုပါ ဆက်သွယ်ပြောဆိုမှုများ အားလုံးသည် ဤ Business Inbox အတွင်းသို့ (မိမိတို့၏ ဈေးကွက်တွင် အဆိုပါ ဝန်ဆောင်မှုအား ရရှိသည်နှင့်တစ်ပြိုင်နက်) အလိုအလျောက် ဝင်ရောက်သွားမည် ဖြစ်သည်။ အဆိုပါ Business Inbox လုပ်ဆောင်ချက်သည် အသုံးပြုသူများအား ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံများအား ရရှိသွားစေနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကုန်အမှတ်တံဆိပ်များ (သို့) စီးပွားရေး လုပ်ငန်းများနှင့် ဆက်သွယ်ချိတ်ဆက်မှုများကိုလည်း အောက်ပါအတိုင်း ပိုမို အဆင်ပြေလွယ်ကူစွာ လုပ်ဆောင်သွား နိုင်စေစေမည် ဖြစ်သည်။

  • Business Inbox တွင် မိမိ ကြိုက်နှစ်သက်မှု အရှိဆုံး ကုန်အမှတ်တံဆိပ်နှင့် ဆက်သွယ်ပြောဆိုမှုအား Pin လုပ်ထားနိုင်ခြင်း
  • Business Inbox အတွင်းမသိမ်းဆည်းချင်သော ကုန်အမှတ်တံဆိပ်များအား Main Chat မျက်နှာပြင်သို့ ပြန်လည်ပြောင်းရွှေ့နိုင်ခြင်း
  • ပုံမှန် Chat မျက်နှာပြင်တွင်လည်း ကုန်အမှတ်တံဆိပ်များနှင့် ဆက်သွယ်ပြောဆိုမှုများအား Pin လုပ်ထားနိုင်ခြင်း

တစ်ချိန်တည်းမှာပင် အဆိုပါ Business Inbox Folder သည် Chat မျက်နှာပြင်ထိပ်ဆုံးတွင် အလိုအလျောက် ရှိနေမည် ဖြစ်သည့်အတွက် ကုန်အမှတ်တံဆိပ်များ (သို့) စီးပွားရေးလုပ်ငန်းများထံမှ နောက်ဆုံးပေါ် ကြေညာချက်များ၊ သတင်းများ ကိုလည်း အချိန်နှင့် တစ်ပြေးညီ သိရှိသွားနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ Business Inbox လုပ်ဆောင်ချက်သည် အသုံးပြုသူများနှင့် ကုန်အမှတ်တံဆိပ်များ အကြား ပိုမိုထိရောက်မှုရှိစွာ ဆက်သွယ်ချိတ်ဆက်ပေးနိုင်မည် ဖြစ်သည့်အတွက် အသုံးပြုမှု အတွေ့အကြုံများနှင့် ကုန်အမှတ်တံဆိပ်များ၏ ဆက်သွယ်ချိတ်ဆက်မှုများအား မိုမိုအဆင်ပြေချောမွေ့သွား စေမည် ဖြစ်သည်။

စိတ်တိုင်းကျ ပြောင်းလဲဖွဲ့စည်းနိုင်သည့် Viber ၏ Business Inbox လုပ်ဆောင်ချက်

ထို့အပြင် Rakuten Viber သည် ပိုမိုကောင်းမွန်သော အသုံးပြုမှုအတွေ့အကြုံများအား ပေးအပ်သွားနိုင်ရန်အတွက် အသုံးပြုသူများ အနေနှင့် ၎င်းတို့ဆက်သွယ်ပြောဆိုလိုသည့် ကုန်အမှတ်တံဆိပ်တစ်ခုနှင့် ပတ်သက်သော အကြောင်းအရာ များ အားလုံးအား တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ရှာဖွေသွားနိုင်မည့် Commercial Account လုပ်ဆောင်ချက် အသစ်ကိုလည်း စတင်မိတ်ဆက်ခဲ့သည်။ အသုံးပြုသူများ အနှေင့် အဆိုပါ Commercial Account အား ဖွင့်လှစ်ထားသော ကုန်အမှတ်တံဆိပ်များ (သို့မဟုတ်) ကုမ္ပဏီများ၏ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများနှင့် ဆက်သွယ်ချိတ်ဆက်မှုများအား အဆိုပါ အကောင့်တစ်ခုတည်း မှတဆင့် အောက်ပါအတိုင်း အလွယ်တကူ လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။

  • အသုံးပြုသူများအနေနှင့် ၎င်းတို့ရှာဖွေလိုသည့် ကုန်အမှတ်တံဆိပ် (သို့) စီးပွားရေးလုပ်ငန်း ၏ Commercial Account အား Viber ၏ Main Search Bar မှတဆင့် အလွယ်တကူရှာဖွေသွားနိုင်မည်။
  • အဆိုပါ Commercial Account အား ဝင်ရောက်လိုက်သည်နှင့် အသုံးပြုသူများသည် ကုန်အမှတ်တံဆိပ် (သို့) စီးပွားရေးလုပ်ငန်း၏ အမည်၊ Logo အမှတ်တံဆိပ်၊ Account အစစ်ဖြစ်ကြောင်း ထောက်ခံချက် – Verification Badge၊ အမှတ်တံဆိပ်အကြောင်း အကျဉ်းချုပ်ဖော်ပြချက်၊ ဆက်သွယ်နိုင်မည့် အချက်အလက် နှင့် ဆက်သွယ်ပြောဆိုနိုင်မည့် ချန်နယ်များအား တွေ့ရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများ အနေနှင့် အဆိုပါ Commercial Account အား တစ်ခြားသူများနှင့်လည်း မျှဝေသွားနိုင်မည် ဖြစ်သည်။
  • ကုန်အမှတ်တံဆိပ်များ (သို့) စီးပွားရေးလုပ်ငန်းများ အနေနှင့် ဆက်သွယ်နိုင်မည့်လိပ်စာ ၃ ခု အထိ၊ Website၊ ဖုန်းနံပါတ် နှင့် စာလုံးရေ အလုံး ၁၀၀၀ အထိ ရေးသားနိုင်မည့် အမှတ်တံဆိပ်အကြောင်း အကျဉ်းချုပ်ဖော်ပြချက် များအား အဆိုပါ Commercial Account တွင် ထည့်သွင်းထားနိုင်မည် ဖြစ်သည့်အတွက် အသုံးပြုသူများ အနေနှင့် အဆိုပါ ကုန်အမှတ်တံဆိပ်များအကြောင်း အလွယ်တကူ သိရှိသွားနိုင်မည် ဖြစ်သည်။

အဆိုပါ Commercial Account များအား Viber တွင် လွယ်ကူစွာ ရှာဖွေသွားနိုင်မည် ဖြစ်သည့်အတွက် အသုံးပြုသူများ အနေနှင့် မိမိချိတ်ဆက်လိုသည့် ကုန်အမှတ်တံဆိပ်များ (သို့) စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများအား ရှာဖွေကြည့်ရှု သွားနိုင်မည် ဖြစ်သည်။ အလားတူပင် အသုံးပြုသူများ အနေနှင့် Viber အက်ပလီကေးရှင်းအတွင်းမှာပင် Website တစ်ခုအား ကြည့်ရှုနေရသကဲ့သို့ ပြီးပြည့်စုံသော အသုံးပြုမှု အတွေ့အကြုံများကိုလည်း ရရှိသွားနိုင်မည့်အပြင် ကုန်အမှတ်တံဆိပ်များ အနေနှင့်လည်း အသုံးပြုသူများနှင့် ပိုမိုကောင်းမွန် လွယ်ကူစွာ ချိတ်ဆက်သွားနိုင်မည်လည်း ဖြစ်သည်။

အလွယ်တကူ ရှာဖွေချိတ်ဆက်နိုင်မည့် Viber ၏ Commercial Account

Viber သည် Commercial Account များ၏ လုပ်ဆောင်နိုင်စွမ်းများကိုလည်း ဆက်လက်အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး ကုန်အမှတ်တံဆိပ် (သို့) စီးပွားရေးလုပ်ငန်း၏ တည်နေရာအား ထည့်သွင်းနိုင်မှုနှင့် တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်မှု စသည့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့် လုပ်ဆောင်နိုင်စွမ်းများကိုလည်း ထပ်မံထည့်သွင်းသွားနိုင်ရန် လုပ်ဆောင်လျက် ရှိသည်။ ယခုနှစ် နှောင်းပိုင်းတွင်လည်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုသင့်တော်ကောင်းမွန် သော ဝန်ဆောင်မှု များကိုလည်း ထပ်မံမိတ်ဆက်သွားရန် စီစဉ်လျက်ရှိသည်။

Viber ၏ ဤ Business Inbox နှင့် Commercial Account လုပ်ဆောင်ချက်များနှင့်အတူ အသုံးပြုသူများ အနေနှင့် ကုန်အမှတ်တံဆိပ်များ (သို့) စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်သည့်အခါတွင် ပိုမိုလုံခြုံစိတ်ချစွာ သုံးစွဲသွားနိုင်မည် ဖြစ်သည်။ Verification ရရှိထားသည့် ကုန်အမှတ်တံဆိပ်များ၏ ဆက်သွယ်ပေးပို့မှုများသည်သာလျှင် အသုံးပြုသူများ၏ Business Inbox အတွင်းသို့ အလိုအလျောက်ဝင်ရောက်သွားမည် ဖြစ်သည့်အတွက် ကုန်အမှတ်တံဆိပ်များ (သို့) စီးပွားရေးလုပ်ငန်းများ အသွင် အယောင်ဆောင်ထားသော Account များ၏ အန္တရာယ်မှလည်း တားဆီးပြီးသား ဖြစ်သွားမည် ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများအနေနှင့် ကုန်အမှတ်တံဆိပ်များ၏ စစ်မှန်သော Account ဖြစ်ကြောင်း ကိုလည်း ‘Blue Tick’ (အပြာရောင်အမှတ်အသား) ပါ၊ မပါအား ကြည့်ရှု၍ အလွယ်တကူ သိရှိသွားနိုင်မည် ဖြစ်သည်။

“ကျွန်မတို့အနေနဲ့ ပုံမှန်စာတိုပေးပို့မှု အက်ပလီကေးရှင်း တစ်ခုထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေ၊ ဖန်တီးဆန်းသစ်မှုတွေနဲ့အတူ Viber ကို Supperapp တစ်ခု အဖြစ် ဆက်လက်တည်ဆောက်သွားဖို့ဆိုတဲ့ မဟာဗျုဟာ အရ အခုလို အဆင့်မြင့် လုပ်ဆောင်ချက်တွေကို ဖန်တီးထည့်သွင်းပေးခဲ့ခြင်း ဖြစ်ပါတယ်” ဟု Rakuten Viber ၏ Chief Revenue Officer ဖြစ်သူ Cristina Constandache မှ ပြောကြားခဲ့သည်။ “Viber ကို အသုံးပြုသူတွေ အတွက် တစ်နေရာတည်းမှာ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်မယ့် အက်ပလီကေးရှင်းတစ်ခု အဖြစ် ဆက်လက် အဆင့်မြှင့်တင်သွားဖို့ ကျွန်မတို့ လုပ်ဆောင်သွားမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ကုန်အမှတ်တံဆိပ်တွေအနေနဲ့လည်း သူတို့ရဲ့ အသုံးပြုသူတွေနဲ့ အလွယ်တကူ ဆက်သွယ်ချိတ်ဆက်သွားနိုင်ဖို့ကိုလည်း ဖန်တီးပေးသွားမှာ ဖြစ်တာကြောင့် နှစ်ဦးနှစ်ဖက်လုံး အတွက် အကျိုးကျေးဇူးများစွာ ရရှိသွားစေနိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ဝန်ဆောင်မှုတွေ၊ ဆက်သွယ်ချိတ်ဆက်မှု နည်းလမ်းတွေနဲ့အတူ Viber အနေနဲ့ အသုံးပြုသူတွေအတွက် သာမက ကုန်အမှတ်တံဆိပ်တွေ အတွက်ပါ အကောင်းဆုံး ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။”

အဆိုပါ လုပ်ဆောင်ချက် ၂ ခုအား မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။

Press Release – Viber